ဇမ္ဗူသီရိ   ၁၄   မေ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် နေပြည်တော် မီးသတ်ဦးစီးမှူးရုံးမှ ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် နေပြည်တော်မီးသတ်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှိုင်ဝင်းအောင် ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၄၂) ဦးနှင့် ပိုလန်နိုင်ငံထုတ် အဆင့်မြင့် မီးငြိမ်းသတ်ယာဉ်(၁) စီး၊ မီးသတ်ရေသယ်ယာဉ် (၃) စီး၊ မီးသတ်အထောက်အကူပြုယာဉ် (၁) စီး၊ အုပ်ချုပ်မှုယာဉ် (၁) စီး၊ ရေမှုန်ရေမွှားလုပ် စက်ရုပ် (LUF 60)၊ Robotic Fire Fighting Vehicle (၂) စီး တို့ဖြင့် ပိုးသတ်ဆေး ဖျန်းခြင်းလုပ်ငန်းကို Sodium Hypochloride ပိုးသတ်ဆေး (၁၀၀) ဂါလန် အသုံးပြု၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းဈေး၊ RC ဈေးဆိုင်ခန်းများ၊ ပွဲရုံတန်းဆိုင်ခန်းများ၊ စားသောက်ဆိုင်ခန်းများ၊ ဇီဝကဈေးဆိုင်ခန်းများ၊ ကားဂိတ်နှင့် ညဈေးတန်း ရောင်းချသည့် ကွင်းပြင်အဆောက်အဦတို့၏ ပတ်ဝန်းကျင်နေရာတို့တွင်  ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

 

ထို့အပြင် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကန့်သတ် စောင့်ကြည့်မည့် နေရာများ၊ ပြည်သူအများ ဝင်ထွက်သွားလာမှုများသည့် နေရာများ၌ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းသူအောင် (မြို့နယ် ပြန်/ဆက်)