ကျောက်ဆည် ၁၄ ဇွန်
ကျောက်ဆည်မြို့နယ်၊ သပြေဝန်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်က ရွာဦးဘုန်တော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ခင်စောလွင်က ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းထွန်းက တိုင်းဒေသကြီး အစိုးရအနေဖြင့် ဆောင်ရွက်ပေးနေသော ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ အကြောင်းကို ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဖျောက်ဆိပ်ပင်ကျေးရွာ တိုက်နယ်ဆရာဝန် ဒေါက်တာအောင်မျိုးသန့်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစိုးထွန်းနိုင်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထိုက်ထိုက်စိုး၊ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးမျိုးမင်းလှိုင်နှင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးချိုဦးတို့ကလည်း ကျေးရွာများအလိုက် ဆောင်ရွက်ပေးနေသော ဖွံ့ဖြိုးရေးလုပ်ငန်းအကြောင်းများကို ဆက်လက် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာပြည်သူ့တို့က ၎င်းတို့ကျေးရွာအတွက် လိုအပ်လျက်ရှိသည့် စာသင်ကျောင်းဆောင်တစ်ခုနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ရေသန့်လိုအပ်နေမှုများ၊ မြန်မာ့လယ်ယာစိုက်ပျိုးရေး ဘဏ်မှ ငွေထုတ်ရာတွင် ခက်ခဲနေသည့်အကြောင်းများ၊ တောင်ကျချောင်းရေလွှဲမြောင်းအား တံတားဆောက်ပေးနိုင်စေရေး၊ ပြိုပျက်နေသည့် သမဝါယမအဆောက်အဦအား ဖယ်ရှားရှင်းလင်းရေး၊ လယ်ယာမြေပိုင်ဆိုင်မှုပုံစံ(၇) မရရှိသေးသည့် မြေယာများအား ပုံစ(၇) ထုတ်ပေးနိုင်ရေး၊ ကျေးရွာအတွက် ကျေးလက်ကျန်းမာရေး ဌာနခွဲ ချထားပေးနိုင်စေရေးနှင့် ကျေးရွာသောက်သုံးရေ လုံလောက်မှုမရှိသဖြင့် မြေအောက်ရေ ဆောင်ရွက်ပေးနိုင်ရေးစသည့် လိုအပ်ချက်များကို ပြန်လည်ရှင်းလင်း တင်ပြတောင်းခံဆွေးနွေးခဲ့ရာ တောင်းခံမှုများအလိုက် လွှတ်တော်ကိုယ်စားလှယ်နှင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူတို့က အသီးသီးပြန်လည် ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
သက်မောင် (ခရိုင် ပြန်/ဆက်)