စစ်ကိုင်း  ၇  ဇွန်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သဖန်းဆိပ်ဆည်ရေသောက်ဧရိယာတွင် JICA (ODA) ချေးငွေဖြင့် "စိုက်ပျိုးရေးဝင်ငွေတိုးတက်မှုစီမံကိန်း (AIIP)" ဆောင်ရွက်လျက်ရှိရာ စနစ်တကျလယ်ယာ ဖော်ဆောင်မည့် လုပ်ငန်းသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။

 

ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရွာတော်ကုန်းကျေးရွာအနီးတွင် စနစ်တကျလယ်ယာမြေ (၃၁၅) ဧက ဖော်ထုတ်ခြင်း လုပ်ငန်းကို  ဖေဖော်ဝါရီလမှ စတင်ခဲ့ရာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့သည်။ ဖော်ဆောင်ပြီးစနစ်တကျ လယ်ယာမြေများမှ တူးမြောင်းအဆောက်အအုံများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းပြုပြင်ခြင်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် စိုက်ပျိုးရေစီမံခန့်ခွဲမှုတွင် တောင်သူများ ကိုယ်တိုင် ပူးပေါင်းပါဝင်နိုင်ရန်အပြင် ဆည်ရေကို လေလွင့်ဆုံးရှုံးမှုအနည်းဆုံးနှင့် အတက်နိုင်ဆုံး ခြိုးခြံချွေတာ သုံးစွဲနိုင်ရန်အတွက် ပူးပေါင်းပါဝင် ဆည်မြောင်းစနစ် (PIM) လမ်းညွှန်ချက်နှင့်အညီ "ရေအသုံးချသူများအဖွဲ့ (WUG)" များကိုလည်း ဖွဲ့စည်းပေးနိုင်ခဲ့သည်။

 

လက်ထောက်ညွှန်ကြားရေးမှူးရုံး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန၊ ရွှေဘိုမှ တာဝန်ယူ ထိန်းသိမ်းထားသော သဖန်းဆိပ် ဆည်ရေသောက်စနစ်အတွင်းရှိ ကန့်ဘလူ၊ ခင်ဦး၊ ရွှေဘို၊ ဝက်လက်မြို့နယ်များတွင်လည်း လယ်ကြားမြောင်းများအလိုက် ရေအသုံးချသူများအဖွဲ့ (WUG) စုစုပေါင်း (၄၈)ဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်သည့်အပြင် ဆက်လက်၍ ရေအသုံးချသူများအဖွဲ့ (WUG) (၄၅)ဖွဲ့ ကို ထပ်မံတိုးချဲ့ ဖွဲ့စည်းနိုင်ရန်အတွက်လည်းတောင်သူများအား အသိပညာပေး ဆွေးနွေးညှိနှိုင်းမှုများ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။ ရေအသုံးချသူများဖွဲ့(WUG) ဖွဲ့စည်းခြင်း ဆောင်ရွက်ခြင်းကြောင့် မြောင်းအရင်း၊ အလယ်၊ အဖျားအထိ ဆည်ရေမျှမျှတတ ညှိနှိုင်းရယူနိုင်သဖြင့် အချင်းချင်း ပဋိပက္ခ ဖြစ်ခြင်းမှ လျော့နည်းစေခြင်း၊ ရေအလေအလွင့်နည်းပါးသဖြင့် ဆည်ရေ တိုးချဲ့ပေးဝေနိုင်ခြင်း၊ တောင်သူများ ကိုယ်တိုင် ပါဝင်စီမံဆောင်ရွက်ခြင်းဖြင့်ဆည်မြောင်း စနစ်များနှင့် ရေစီမံခန့်ခွဲမှု ပိုမိုအား ကောင်းလာခြင်းစသည့် အကျိုးကျေးဇူးများ ရရှိလာနိုင်မည်ဖြစ်သည်။ လက်ရှိဖွဲ့စည်းထားပြီးဖြစ်သည့် ရေအသုံးချသူများ အဖွဲ့များမှလည်း ယခုနှစ် မိုးစပါး စိုက်ပျိုးရေပေးဝေခြင်း မတိုင်မီ လယ်ကြားမြောင်းများ ရေစီး ရေလာ ကောင်းမွန်စေရန် ပြုပြင်ထိန်းသိမ်းမှုများကို ဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ရွှေဘိုခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရှိရသည်။

မေမိုးသဲ