နေပြည်တော် ၁၆ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သဖန်း ဆိပ်ဆည်ရေဖြင့် စိုက်ပျိုးထားသော မိုးစပါးများ ရိတ်သိမ်းလျက်ရှိရာလာမည့် နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးရန် လျာထားဧရိယာများကို ဖေဖော်ဝါရီ ၇ ရက်မှစတင်၍ ဆည်ရေပေးဝေသွားမည် ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သဖန်းဆိပ်ဆည်ရေဖြင့် စိုက်ပျိုးထားသော မိုးစပါးများ ရိတ်သိမ်းလျက်ရှိရာ ဧကအားလုံး၏ တစ်ဝက်ခန့် ရိတ်သိမ်း ပြီးစီးခဲ့ပြီးဖြစ်ပြီး အထွက်နှုန်းကောင်းပြီး ဈေးကောင်းရရှိကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။
ကန့်ဘလူ၊ ခင်ဦး၊ ရွှေဘို၊ ဝက်လက်၊ တန့်ဆည်၊ ရေဦး၊ ဒီပဲယင်း၊ စစ်ကိုင်း၊ အရာတော်၊ ဘုတလင်မြို့နယ်များတွင် ယခုနှစ် မိုးရွာသွန်းမှု နည်းပါးခဲ့သော် လည်း ဆည်/ရေ ဦးစီးဌာနမှ တာဝန်ရှိ ဝန်ထမ်းများက သဖန်းဆိပ်ဆည်ရေကို လိုအပ်သလို စီမံဆောင်ရွက်ပေးနိုင်မှုကြောင့် မြောင်းဖျားမြောင်းနားပါမကျန် မိုးစပါး ၄၈၉၅၃၃ ဧကကို အောင်မြင် ဖြစ်ထွန်းစွာ ဆည်ရေပေးဝေနိုင်ခဲ့သည်။
ယခုအခါ အဆိုပါ မိုးစပါးစိုက်ဧရိယာ များ ရိတ်သိမ်းလျက်ရှိရာ ဧရိယာအားလုံး၏ တစ်ဝက်ခန့် ရိတ်သိမ်းပြီးစီးနေကြောင်း၊ အများစုမှာ အထွက်နှုန်းကောင်းမွန်ပြီးဈေးကောင်းရသော ရွှေဘိုပေါ်ဆန်း (ဘေးကြား) စပါးမျိုးကိုသာ အဓိကထား စိုက်ပျိုးကြကြောင်း၊ ရွှေဘိုပေါ်ဆန်း တစ်ဧက အထွန်းနှုန်းမှာ အနည်းဆုံးတင်း ၇ဝ မှ အများဆုံး ၉၉ တင်းခန့်ထိထွက်ရှိကြောင်း၊ ဈေးနှုန်းမှာ တင်း ၁ဝဝ လျှင် ငွေကျပ် ၁၂ သိန်းခွဲမှ ၁၃ သိန်းခန့်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ခင်ဦးမြို့ အောင်သီရိရပ်နေ တောင်သူကြီး ဦးသန်းဦးက ပြောသည်။
သဖန်းဆိပ်ဆည်တွင်း လက်ကျန် သိုလှောင်ရေဖြင့် လာမည့် နွေစပါးနှင့် နွေသီးနှံစုစုပေါင်း ဧက ၃ ဒသမ ၅ သိန်း ကျော်ကို ဆည်ရေပေးဝေရန် လျာထား ပြီး အဆိုပါ လျာထားဧရိယာများကို ဖေဖော်ဝါရီ ၇ ရက်မှ စတင်၍ ဆည်ရေပေး ဝေသွားမည်ဖြစ်ကြောင်း ရွှေဘိုခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲ ရေးဦးစီးဌာနမှ သိရသည်။
ဇူလိုင်မိုး(မြန်မာ့အလင်း)