ရေဦး ၈ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သဖန်းဆိပ်ဆည်ရေကို အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်း၍ လယ်ကြားရေပေးမြောင်းများ ပြုပြင်ဆောင်ရွက်ပေးလျက်ရှိကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင် ထံမှ သိရှိရသည်။
သဖန်းဆိပ်ရေသောက်စနစ်အတွင်းပါဝင်သော ရေဦးမြို့နယ်အတွင်းရှိ ကာဘိုးဆည်၊ ရေဦး မြောင်းမတော် လက်တန်း(၄)မိုင်နား(၁)၏ ရေပြွန်အမှတ်(၆)မှ ထွက်သော လယ်ကြားရေပေးမြောင်းကို ရေအသုံးချသူများအဖွဲ့မှ မြောင်းတစ်လျှောက်ရှိ ချုံများ၊ မြက်ပင်များရှင်းလင်းခြင်း၊ သဲနုန်းများ တူးဖော်ဆောင်ရွက်ပေးခြင်းဖြင့် တောင်သူများဆည်ရေကို ညီညွတ်မျှတစွာ ခွဲဝေသုံးနိုင်ရန်နှင့် ဆည်ရေလေလွင့်မှုမရှိဘဲ စနစ်တကျသုံးစွဲနိုင်ရန် ပူးပေါင်းဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း ၎င်းက ပြောကြားသည်။
အဆိုပါ လယ်ကြားမြောင်းမှ ရေဦးမြို့နယ် ငြုတ္တုံကျေးရွာအုပ်စု(၂၁၈၅)လယ်မြေဧရိယာ ၁၆၆ ဧကကို ဆည်ရေကို ရယူစိုက်ပျိုးနိုင်မည်ဖြစ်ပါကြောင်း၊ ယခင်နှစ်က သဖန်းဆိပ်ရေလှောင်တမံတွင် ရာသီဥတု အပြောင်းအလဲကြောင့် မိုးရေရရှိမှုနည်းပါသဖြင့် နွေစပါးနှင့်နွေသီးနှံအတွက် ရေပေးဝေနိုင်ခြင်းမရှိဘဲ သဖန်းဆိပ်ဆည်အတွင်းရှိ ရေသိုလောင်မှုလက်ကျန်ပမာဏမှ ၃၉၀,ဝ၀ဝ ဧက သာကျန်ရှိပါကြောင်း လက်ထောက်ညွန်ကြားရေးမှူး ဦးအောင်နိုင်က ပြောကြားသည်။
မွှေးကြူဇင်


