ရွှေဘို  ၈  ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စိုက်ဧက ၄၂၀၀၀၀ အတွက် သဖန်းဆိပ်ရေလှောင်တမံမှ ပျိုးထောင်ရေနှင့် မြေပြင်ရေများကို ယမန်နေ့ ၆ နာရီမှစတင်၍ ပေးဝေလျက်ရှိကြောင်း ရွှေဘိုခရိုင် ဆည်မြောင်းနှင့် ရေ အသုံးချမှုစီမံခန့်ခွဲရေးဉီးစီးဌာန မှသိရသည်။

 

အဆိုပါ သဖန်းဆိပ်ရေလှောင်တမံကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးမြေအများဆုံး တည်ရှိသော မူးမြစ်ဝှမ်းဒေသအတွင်းရှိ ကန့်ဘလူမြို့နယ်၊ ခင်ဦးမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ရေဦးမြို့နယ်၊ ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ အရာတော်မြို့နယ်၊ ဘုတလင်မြို့နယ်နှင့် စစ်ကိုင်းမြို့နယ် များတွင်တည်ရှိသော စိုက်ပျိုးမြေများကို ဆည်ရေပေးဝေပြီး စိုက်ပျိုးစွမ်းအားတိုးတက်စေရန်နှင့် ဒေသတွင်း သောက်သုံးရေဖူလုံစေရန်ရည်ရွယ်၍ ကျွန်းလှမြို့နယ် သဖန်းဆိပ်ကျေးရွာအနီး မူးမြစ်ပေါ်တွင် ရေလှောင် တမံတည်ဆောက်ပြီး ဆည်ရေသိုလှောင်၍ ကင်းတပ်ရေလွှဲတမံသို့ မူးမြစ်ရိုးအတိုင်း‌ရေလွှတ်ပေးခြင်း၊ ကာဘိုး ရေလွှဲဆည်သို့လည်း မူးမြစ်ရိုးအတိုင်း ရေလွှတ်ပေးခြင်းဖြင့် တစ်နှစ်လျှင် ပျမ်းမျှစပါးနှင့်အခြားသီးနှံ စိုက်ဧက (၈)သိန်းခန့်ကို ရေပေးဝေလျက်ရှိသည်။

 

ထို သဖန်းဆိပ်ရေလှောင်တမံ၏ ကန်ရေပြည့် ရေလှောင်ပမာဏမှ (၂၇)သိန်းကျော် ဧကပေဖြစ်ပြီး ယနေ့လက်ရှိ တိုင်းတာချက်အရ သဖန်းဆိပ်ရေလှောင်တမံ၏ ရေသိုလှောင်ပမာဏမှ (၆)သိန်း(၈)သောင်းကျော် ဖြင့် ဆည်ရေ ပေးဝေရာတွင် သဖန်းဆိပ်ရေလှောင်တမံမှတဆင့် ကင်းတပ်ရေလွှဲတမံသို့ ရေထိန်းညှိထုတ် လွှတ်ပေးပြီး လက်ဝဲတူးမြောင်းနှင့်လက်ယာတူးမြောင်း ရေသောက်ဧရိယာများသို့လည်းကောင်း ကင်းတပ် ရေလွှဲတမံတစ်ဆင့် မူးမြစ်ကြောင်းအတိုင်း ကာဘိုးဆည်သို့ ရေထုတ်လွှတ်ပေးပြီး ရွှေဘိုတူးမြောင်းနှင့် ရေဦးတူးမြောင်း ရေသောက်ဧရိယာများသို့လည်းကောင်း စိုက်ပျိုးရေများကို စတင်ပေးဝေနေကြောင်း ရွှေဘိုခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဉီးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်တင့်ထံမှသိရသည်။

 

ယခုနှစ်တွင် သဖန်းဆိပ်ရေလှောင်တမံ၏ ရေသိုလှောင်မှုအခြေအနေအရ ကန့်ဘလူမြို့နယ်တွင် စိုက်ဧက ၂၇၅၀၀၊ ခင်ဦးမြို့နယ်တွင်စိုက်ဧက ၄၆၇၀၀၊  ရွှေဘိုမြို့နယ်တွင် စိုက်ဧက ၇၅၃၀၀ ၊ဝက်လက်မြို့နယ်တွင် စိုက်ဧက ၈၄၅၀၀၊ ရေဉီးမြို့နယ်တွင် စိုက်ဧက ၆၁၅၁၀၊ ဒီပဲယင်းမြို့နယ်တွင် စိုက်ဧက ၈၁၉၉၀နှင့်တန့်ဆည်မြို့နယ်တွင် စိုက်ဧက ၄၂၅၀၀ စုစုပေါင်း စိုက်ဧက ၄၂၀၀၀၀ ကိုသာ စိုက်ပျိုးရေပေးဝေနိုင်မည်ဖြစ်သည်။

 

ထို့ကြောင့် ရေလိုအပ်ချက်နည်းပြီး တောင်သူများအကျိုးရှိစေမည့် ပျိုးသက်နုကောက်ကွက်ကြဲ(သို့)စပါးအစွမ်းဖွင့်၊ စပါးအခြောက် တိုက်ရိုက်မျိုးစေ့ချ၊ စပါးတိုက်ရိုက်မျိုးစေ့ချ (အစို)နှင့် မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း စသည့်စိုက်နည်းစနစ်များကို ပြောင်းလဲစိုက်ပျိုးနိုင်ရေးအတွက် မိမိတို့စိုက်ပျိုးရေးဦးစီးဌာနမှ လိုက်လံအသိပညာပေး ကွင်းဆင်းဆောင်ရွက်နေကြောင်း တိုင်းစိုက်ပျိုးရေးဦးစီးမှူး ဉီးဝင်းလှိုင်ဦးမှ ပြောကြားသည်။

 

ထွန်းမြင့်အောင်(ရွှေဘို)