ရွှေဘို ၂၃ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီးတွင် တည်ရှိသော သဖန်းဆိပ်ရေလှောင်တမံ ဆည်ရေသောက် စနစ်သည် ယခုနှစ် မိုးရာသီတွင် သဖန်းဆိပ်ရေလှောင်တမံ၌ ရေဝင်ရောက်မှုနည်းပါးလျက်ရှိရာ တမံအတွင်းရေဝင်ရောက်မှုမှာ ယခင်နှစ် ကာလတူပမာဏများနှင့် နှိုင်းယှဉ် လျှင် များစွာလျော့နည်းလျက်ရှိနေပြီး ပျိုးထောင်၊ မြေပြင်၊ စိုက်ပျိုး၊ အပင်ဖြစ်ရေနှင့် အောင်ရေတို့အတွက် အလှည့်ကျရေပေးဝေသည့် စီမံခန့်ခွဲမှုဖြင့် ခြိုးခြံချွေတာ ပေးဝေ ဆောင်ရွက်ပေးလျက်ရှိကြောင်း ရွှေဘိုခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
သဖန်းဆိပ်ရေလှောင်တမံ ရေသောက်စနစ်တွင် စပါးစိုက်ဧက ၄၈၄၀၆၅ ဧက လျာထားပြီး ၂၀-၉-၂၀၁၉ ရက်အထိ ၄၇၁၇၄၁ ဧက စိုက်ပျိုးနိုင်ခဲ့ရာ လျာထား ဧကအပေါ်တွင် ၉၇ ဒသမ ၄၅ ရာခိုင်နှုန်း စိုက်ပျိုးခဲ့သည်။ ယခုအချိန်ထိစနစ်တကျ ချွေတာစုဆောင်းထားသော လက်ကျန်ရေနှင့် ကျန်မိုးနှောင်းကာလအတွင်း သဖန်းဆိပ် ရေလှောင်တမံအတွင်း ထပ်မံဝင်ရောက်လာမည့် ရေများဖြင့် စိုက်ပျိုးထားသော မိုးစပါးများ အောင်မြင်သည်အထိ ဆည်ရေလုံလောက်မျှတစွာ ရရှိနိုင်စေရန်နှင့် ရွှေဘိုမြို့ လူထုသောက်သုံးရေနှင့် ဒေသတွင်းကျေးရွာများ၏ သောက်သုံးရေကိုလည်း လိုအပ်သလိုပေးဝေနိုင်ရန် ဆက်လက်စီမံဆောင်ရွက် ပေးသွားမည် ဖြစ်သည်။
ရွှေဘိုမြို့နေ တောင်သူ ဦးစိုးတင့်က ယခင်နှစ်များက ရေလှောင်တမံအတွင်း ရေအပြည့်နီးပါးရှိသဖြင့် ဒေသတွင်းမိုးမရွာသော်လည်း ဆည်ရေပေးနိုင်ခဲ့၍ စိုက်ပျိုးရေ အခက်အခဲမရှိကြောင်း၊ ယခုနှစ်တွင် မိုးစပါး စိုက်ပျိုးရေပေးဝေချိန်မှစ၍ တမံအတွင်းတွင်လည်း ရေဝင်ရောက်မှုနည်းပြီး ဒေသတွင်း၌လည်း မိုးရွာမှု နည်းပါးခြင်းကြောင့် ဆည်ရေအပြည့် မပေးဝေနိုင်ဘဲ အလှည့်ကျစနစ်ဖြင့် ရေယူနေရသောကြောင့် တောင်သူများ စိုက်ပျိုးချိန်အမီ စိုက်ပျိုးနိုင်ရန် ရေအခက်အခဲများ ကြုံတွေ့ရသော် လည်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဌာန၊ ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ တောင်သူများ ပူးပေါင်းဆောင်ရွက် မှုကြောင့် စိုက်ဧကအပြည့်နီးပါး စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင် ဆည်ရေစနစ်တကျ သုံးစွဲနိုင်ခဲ့ခြင်းကြောင့် ရေဆိုး ချောင်းများအတွင်း ရေလေလွင့်ဆုံးရှုံးမှုမရှိကြောင်း ပြောသည်။
သဖန်းဆိပ်ရေလှောင်တမံတွင် ယခုလက်ရှိ ရေဝင်ရောက်မှုလျော့နည်းနေသည့် အခြေအနေအရ စိုက်ပျိုးရေ ရယူသုံးစွဲလျက်ရှိသော တောင်သူလယ်သမားများအနေဖြင့် ဆည်ရေကို အထူးခြိုးခြံချွေတာပြီး အလေအလွင့် မရှိအောင် ရယူသုံးစွဲကြရန်၊ ရေသောက် တောင်သူအချင်းချင်း ညီညွတ်မျှတသည့် စိတ်ဓာတ်ဖြင့် ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် ရေလှည့်ဇယားများအတိုင်း လိုက်နာ ဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးရေအခက်အခဲများဖြစ်ပေါ်ပါက သက်ဆိုင်ရာဒေသရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ခံဝန်ထမ်းများအား ဆက်သွယ်လာပါက ညှိနှိုင်းစီမံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မေမိုးသဲ


