ဝမ်းတွင်း  ၂၂   မေ

ဝမ်းတွင်းမြို့နယ် သဖန်းစက်ချုပ်ကုန်ထုတ် သမဝါယမ အသင်းလီမိတက်မှ ကိုဗစ်-၁၉ ကာလအတွင်း အသင်းသားများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်နှင့် ပြည်သူများ အဝတ်နှာခေါင်းစည်းများအား စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်စေရန် ကိုယ်တိုင်ချုပ်လုပ်ဖြန့်ဖြူး လျက်ရှိကြောင်း သိရသည်။

 

သဖန်းကျေးရွာရှိ သဖန်းစက်ချုပ်ကုန်ထုတ်သမဝါယမအသင်းလီမိတက်သည် အသင်းဝင် ၃၃၂ ဦးဖြင့် ဖွဲ့စည်းထားရှိပြီး တိုင်းဒေသကြီး သမဝါယမအသင်းချုပ်၏ ပံ့ပိုးချေးငွေဖြင့် အသေးစား အရင်းအနှီး ချေးငွေလုပ်ငန်းဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ခဲ့ရာမှ သဖန်းစက်ချုပ် ကုန်ထုတ်သမဝါယမအသင်း လီမိတက်အသင်းပိုင်း ချေးငွေကျပ် (၂၄၉၁.၈)သိန်းဖြင့် အသင်းသားများအား ထုတ်ချေးပြီး အဝတ်အထည် မျိုးစုံးအား ကိုယ်တိုင်ချုပ်လုပ်ပြီး နိုင်ငံအတွင်း နေရာဒေသအနှံဖြန့်ဖြူး ရောင်းချပေးလျက်ရှိသည်။ ယင်းသို့ အထည်ချုပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာမှ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစဉ်ကာလအတွင်း အသင်းသား များ အလုပ်အကိုင်ရရှိစေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ပြည်သူများ  နှာခေါင်းစည်းများ ဝယ်ယူအသုံးပြုရာတွင် သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူရရှိစေရန် အသင်းသားများမှ အဝတ် နှာခေါင်းစည်းများကို ကိုယ်တိုင်ချုပ်လုပ်၍ အနယ်နယ်အရပ်ရပ်တို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သဖန်းစက်ချုပ်ကုန်ထုတ် သမဝါယမအသင်းလီမိတက်မှ ဒေါ်မာမာအေးက ပြောကြားခဲ့သည်။

 

သဖန်းစက်ချုပ် ကုန်ထုတ်သမဝါယမအသင်းလီမိတက်မှ အသင်းသားများချုပ်လုပ်သော အဝတ် နှာခေါင်းစည်းများ ချုပ်လုပ်ရာတွင် ဒီဇိုင်မျိုးစုံ၊ အရောင်းမျိုးစုံနှင့် ကောင်းမွန်သော ချည်သား(သုံးထပ်)ဖြင့် ခိုင်ခန့်သပ်ရပ်လှပသော ချုပ်သားချုပ်ရိုးများဖြင့် ဝယ်ယူအသုံးပြုသူများ စျေးနှုန်းသက်သာပြီး အဆင်ပြေ စေရန် နှာခေါင်းစည်း တစ်ခုလျှင် ငွေကျပ် (၁၅၀)နှုန်းဖြင့် ချုပ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိရာ ကိုဗစ်-၁၉ ကာလအတွင်း သဖန်းစက်ချုပ်ကုန်ထုတ် သမဝါယမအသင်း လီမိတက်ရှိ အသင်းသားများမှ အဝတ် နှာခေါင်းစည်း အခု(၃၀၀၀၀)ကျော် ချုပ်လုပ်ရောင်းချနိုင်ခဲ့ပြီးဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ဌေးလှိုင်(ဝမ်းတွင်း)