သပိတ်ကျင်း ၉ ဩဂုတ်

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး ရေးဦးစီးဌာနမှ Cash For Work စီမံကိန်းပံ့ပိုးရန်ပုံငွေဖြင့် ကျေးရွာများအတွင်း မြေသားလမ်းခင်းခြင်းနှင့် ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် (၆)မိုင် စခန်းသာကျေးရွာရှိ အရှည်ပေ(၂၆၇၀) ရှိ ရွာတွင်းလမ်း အား ဗြုန်းကျောက်ခင်းခြင်း၊ ကွင်း(၃၀) ကျေးရွာတွင် အရှည်ပေ (၆၀၀) မြေလမ်းအား အနက် (၂) ပေ၊ အကျယ် (၂) ပေ ရေမြောင်းတူးဖော်ခြင်း၊ အရှည်ပေ (၁၀၅၀) ရွာတွင်းလမ်းအား ဗြုန်းကျောက်ခင်းခြင်း လုပ်ငန်းများကို အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးလွင်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဆန်းနှင့် ဌာနဝန်ထမ်းများ၊ ရပ်မိ/ရပ်ဖများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုပြီး သတ်မှတ်ရက်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရေး ဆွေးနွေးမှာကြားခဲ့သည်။

 

အဆိုပါလုပ်ငန်းများကို ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေမိသားစုများ စားဝတ်နေရေး အခက်အခဲမဖြစ်ပေါ်စေရေးအတွက် ကျေးရွာသူ၊ ရွာသားများ ကိုယ်တိုင် ပါဝင်အကောင်အထည်ဖော် ဆောင်ရွက်စေပြီး Cash For Work စီမံကိန်းပံ့ပိုးငွေကျပ် သိန်း(၁၀၀)ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက နည်းပညာများပံ့ပိုး၍ အနီးကပ်ကြီးကြပ်ဆောင်ရွက်နေကြောင်း သိရသည်။

 

စိုးနိုင်ဝင်း(သပိတ်ကျင်း)(ပြန်/ဆက်)