ရန်ကုန် ဇန်နဝါရီ ၂၈
ရုရှားသမ္မတနိုင်ငံမှ နှစ်နိုင်ငံချစ်ကြည်မှုအရ လှူဒါန်းခြင်းနှင့် ဝယ်ယူခြင်းမှ ရရှိထားသည့် Sputnik Light ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဇန်နဝါရီ ၁၉ ရက်မှ စတင်ထိုးနှံခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ဆက်လက်ထိုးနှံပေးလျက်ရှိရာ စုစုပေါင်းလူဦးရေ ၁၂၄၇၄၇ ဦးကို ထိုးနှံပေးနိုင်ခဲ့ပြီ ဖြစ်သည်။
ရုရှားသမ္မတနိုင်ငံမှ Sputnik Light ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် တစ်ကြိမ်သာထိုးနှံရန် လိုအပ်ပြီး ရောဂါကာကွယ်မှုနှုန်းကောင်းမွန်သည့် ကာကွယ်ဆေးဖြစ်သည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှုကို အချိန်တိုအတွင်း မြင့်မားစွာရရှိစေနိုင်၍၎င်းကာကွယ်ဆေးကို အလှည့်ကျ ထိုးနှံခွင့်ရရှိသူ မိဘပြည်သူများအနေဖြင့် မပျက်မကွက်ထိုးနှံမှု ခံယူသင့်သည့် ကာကွယ်ဆေးဖြစ်သည်။
အဆိုပါ Sputnik Light ကာကွယ်ဆေးများ ထိုးနှံပေးခြင်းအနေဖြင့် အအေးလမ်းကြောင်းမပြတ် သယ်ယူပို့ဆောင်၍ ကာကွယ်ဆေးထိုးနှံရန် သင့်လျော်သည့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကာကွယ်ဆေးလွှမ်းခြုံမှု နည်းပါးသည့် မြို့နယ်များတွင် ဆက်လက်ထိုးနှံပေးမည်ဖြစ်သည်။
အိန္ဒိယနိုင်ငံအစိုးရမှလှူဒါန်းထားသော Covaxin ကာကွယ်ဆေးများကို မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်မြို့နယ်များဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီးရှိ တမူး၊ ခန္တီး၊ ဟုမ္မလင်း၊ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိနေသော အသက် ၁၈ နှစ်နှင့် ပြည်သူလူထုများအား ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်အထိ စုစုပေါင်းလူဦးရေ ၂၅၀၀၀ အား ထိုးနှံပေးနိုင်ခဲ့ပြီး အဆိုပါ ကာကွယ်ဆေးထိုးနှံမှု ကိုလည်း ဆက်လက်၍ ဆောင်ရွက်လျက်ရှိသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အားသွန်ခွန်စိုက် ကျယ်ပြန့်စွာထိုးနှံ ပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေဖြင့် ဇန်နဝါရီ ၂၅ ရက်အထိ လူဦးရေ ၁၈ ဒသမ ၄ သန်းကျော်ကို အကြိမ်ပြည့် ထိုးနှံပေးခဲ့၍ ၃ ဒသမ ၄ သန်းကျော်ကို တစ်ကြိမ် ထိုးနှံပေးခဲ့ပြီးဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်နှင့်အထက် ထိုးနှံပြီးသူ ၂၁ ဒသမ ၈သန်းကျော်ရှိပြီဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ရေ စုစုပေါင်း ၄၀ ဒသမ ၂၅ သန်း doses ကို ထိုးနှံပြီးဖြစ်သည်။
သတင်းစဉ်


