မာန်သစ်ငြိမ်း(ရှေးဟောင်းသုတေသန)
သမိုင်းမတင်မီကာလတွင် အစောဆုံးရုပ်တုကိုးကွယ်မှု အထောက်အထားများမှာ အမိမြေနတ်ရုပ်တု ဖြစ်နိုင်ဖွယ် ရှိသည်။ BC-2300 မှ BC-1750 ကာလအတွင်း ထွန်းကားခဲ့သော အိန္ဒုမြစ်ဝှမ်းဒေသ မိုဟန်ဂျိုဒါရိုနှင့် ဟာရပ္ပတွင် မြေမီးဖုတ် အမိမြေနတ်ရုပ်တု အများအပြားကို တူးဖော်တွေ့ရှိရပါသည်။ ထို့ကြောင့် အုတ်ခွက်ကိုးကွယ်မှုဓလေ့ မထွန်းကားမီ ကျောက်ခေတ်ကာလကပင် တိရစ္ဆာန်ရုပ်ပုံများကို ရေးဆွဲခြင်း၊ ထုလုပ်ခြင်း၊ အမိမြေနတ်ရုပ်တုတို့ကို ရွှံ့ဖြင့် ပုံသွင်းမီးဖုတ်၍လည်းကောင်း ထုလုပ်ကိုးကွယ်ခဲ့ကြသည်ဟု ယုံကြည်ရသည်။
အလေးအမြတ်ထား
အုတ်ခွက်ဘုရားများသည် အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်တို့၏ အလေးအမြတ်ထားရာဒေသများသို့ လာရောက်ကြသော ဘုရားဖူးဧည့်သည်တို့အတွက် အထိမ်းအမှတ်ပစ္စည်းများအဖြစ် ပြုလုပ်ခဲ့ရာမှ အေဒီ ၂ နှင့် ၃ ရာစုအတွင်းတွင် စတင်ပေါ်ပေါက်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုအုတ်ခွက်များမှာ စဉ့်ရေသုတ်လိမ်း ထားခြင်းမရှိခြင်း၊ ဈေးနှုန်းချိုသာစွာဖြင့် အလွယ်တကူ ထုတ်လုပ်နိုင်ခြင်းတို့ကြောင့် ဖြစ်သည်။ အုတ်ခွက်များကို ကျောက်၊ သတ္တု၊ ရွှံ့ပုံစံခွက်များဖြင့် အိုးထိန်းသည်၏ ပြုပြင်ထားသော ရွှံ့တွင်ပုံနှိပ်ခြင်းဖြင့် ရုပ်ပုံနှိပ်၍ နေရောင်ခြည်တွင် အခြောက်ခံခြင်း သို့မဟုတ် အပူချိန်နည်းသော မီးတွင်အပူပေးခြင်းဖြင့် အမြောက်အမြား ထုတ်လုပ်နိုင်သည်။ ထို့အပြင် အုတ်ခွက်များသည် သေးငယ်ခြင်း၊ ပေါ့ပါးခြင်း၊ အလွယ်တကူ သယ်နိုင်ခြင်းတို့ကြောင့် အလေးအမြတ်ထားရာဖြစ်သော ထိုအမှတ်အသားပါ အုတ်ခွက်များကို ဘုရားဖူးခရီးသည်များက ၎င်းတို့၏နိုင်ငံများဆီသို့ အလွယ်တကူ သယ်ဆောင်နိုင်ခဲ့ကြပေသည်။ ထိုပုံစံများကလည်း မိမိတို့ပြုလုပ်ခဲ့သော ကုသိုလ်အမှုများကို ပြန်လည်သတိရစေရန် လှုံ့ဆော်ပေးလျက်ရှိပေသည်။
မြန်မာနိုင်ငံတစ်ဝန်းတွင် ရှေးဟောင်းအုတ်ခွက်များကို ရှေးဟောင်းစေတီပုထိုးများ၌ ဥဒ္ဒိဿစေတီအဖြစ် ဌာပနာ ပူဇော်ထားကြောင်း လေ့လာတွေ့ရှိရပေသည်။ အုတ်ခွက် ဟူသော အခေါ်အဝေါ်နှင့်ပတ်သက်၍ ပျူခေတ်ကာလတွင် မည်သို့ခေါ်ဆိုကြောင်း မသိရှိရသော်လည်း ပုဂံခေတ်၌ “စိပေ” ဟု အမည်ရှိသော မိဖုရားတစ်ဦးနှင့် ထီးလိုမင်းလိုမင်းက အုတ်ခွက်ကို ပါဠိဘာသာဖြင့် “ပဋိမံ” ဟုခေါ်ပြီး ရုပ်ပွား ဆင်းတုတော်ဟု အဓိပ္ပာယ်ရသည်။ ပုဂံခေတ်တွင် မွန်ဘာသာဖြင့် အုတ်ခွက်ကို “ကျောက်”ဟု ခေါ်သည်။ ဘုရားဟု အဓိပ္ပာယ်ရသည်။ အနော်ရထာမင်းကြီးကမူ “ဉုံ-ဣတိနိယံရာညဇးဂြီအနိရုဒ္ဓဒေဝသျှ” ဟုနာဂရီအက္ခရာ စာလုံးဖြင့် ရေးသားထားသဖြင့် “ဉုံ-ဤပုံတော်အား ဂြီအနိရုဒ္ဓဒေဝမင်းသည် ပြုလုပ်တော်မူ၏” ဟု အဓိပ္ပာယ်ရသောကြောင့် ပုဂံခေတ်၌ “ပုံတော်၊ ရုပ်ပွားဆင်းတုတော်” အဓိပ္ပာယ်အမျိုးမျိုးဖြင့်သာ ရေးသားကြသည်။
ပွားများယူနိုင်
အုတ်ခွက်ဟူသော ဝေါဟာရမတိုင်မီ “မြေပုံဘုရား” ဟုခေါ်ကြသော အလေ့ရှိခဲ့ကြသည်။ ပုံစံခွက်တွင် ရွှံ့ ပျော့ပျော့ကိုပုံနှိပ်၍ အခြောက်လှန်းပြီး အုတ်ကဲ့သို့ မီးဖြင့် ကျက်အောင်ဖုတ်သောကြောင့် ယခုအခါတွင် အုတ်ခွက် ဟူ၍ခေါ်ကြသည်။ အုတ်ခွက်ပြုလုပ်မှုတွင် အခြေခံလိုအပ်ချက်မှာ ကြေး (သို့မဟုတ်) မြေကြီး (သို့မဟုတ်) ကျောက် တစ်မျိုးမျိုးဖြင့် ပြုလုပ်ထားသည့် တံဆိပ်ပုံစံပင်ဖြစ်သည်။ ထို့ကြောင့် အုတ်ခွက်ဆိုသည်မှာ တံဆိပ်ပုံရှိလျှင် လိုသလောက် ပွားများယူနိုင်သည့် ပစ္စည်းဖြစ်သည်။ ။
သရေခေတ္တရာပျူခေတ်နှင့် ပုဂံခေတ်တို့တွင် အထောက်အထားအားဖြင့် တွေ့ရှိရသော အုတ်ခွက်များ သည် ပထမဦးစွာ အိန္ဒိယနိုင်ငံမှ အုတ်ခွက်နမူနာများကို တိုက်ရိုက်အတုယူ ပြုလုပ်ခဲ့ကြပေသည်။ အဓိကအားဖြင့် အေဒီ ၆ ရာစု ဂုပ္တခေတ်နှောင်းပိုင်းနှင့် ၈ ရာစုမှ ၁၂ ရာစု ပါလသေနခေတ် အုတ်ခွက်များကို နမူနာယူခဲ့ကြသည်။
နောက်ပိုင်းခေတ် အုတ်ခွက်ဆင်းတုများတွင် ဒေသ၏ ပင်ကိုအနုပညာပုံစံကို ဘောင်ဝင်လာစေရန် ဖွဲ့စည်းမှုနှင့် ပုံသဏ္ဌာန် ပြောင်းလဲလာခဲ့ကြသည်။ နမူနာအားဖြင့် ကျိုက္ခမီဒေသမှ မွန်အုတ်ခွက်များတွင် တွေ့ရှိနိုင်သည်။ အုတ်ခွက်ဘုရားများကို အနောက်ဘက်တွင် ရခိုင်ဒေသ၊ မြောက်ဘက်တွင် ဧရာဝတီမြစ်နှင့် ရွှေလီမြစ်ဆုံရာအနီးရှိ နော်တာလီဒေသ၊ တောင်ဘက်တွင် မြိတ်ဒေသတို့ကို အဝေးဆုံး နေရာများအဖြစ် တွေ့ရှိရသည်။ အုတ်ခွက်ဘုရားများကို အသုံးပြုရာတွင် ကြေးပုံစံခွက်၊ ကျောက်ပုံစံခွက်နှင့် မြေပုံစံခွက်များကို အသုံးပြုကြောင်း တွေ့ရှိရသည်။ သရေခေတ္တရာ၌မူ အုတ်ခွက်များတွင် မြတ်စွာဘုရားပုံတော်များအပြင် နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓပုံတော်များ၊ သမ္ဗုဒ္ဓေရုပ်ပွားတော်များ၊ ဗုဒ္ဓဝင်ခန်းနှင့် သတ္တဌာနသရုပ်ဖော်ပုံများ၊ စေတီများ၊ ဘုရားလောင်းပုံတော်များ၊ မဟာယနဆိုင်ရာ လောကနာထစသော ဘုရားလောင်းပုံတော်များ၊ ရသေ့ပုံများ၊ တာရာဒေဝီနတ်သမီး စသည်ဖြင့် ပုံစံအမျိုးမျိုးကိုတွေ့ရှိရပေသည်။
သရေခေတ္တရာပျူလူမျိုးတို့သည် စိတ်ကူးစိတ်သန်း ဉာဏ်ဆန်းကြယ်သည့်အပြင် ထူးခြား ဆန်းကျယ်သော လက်ရာအဆင့်အတန်းတို့ကို ဗုဒ္ဓဘာသာဆိုင်ရာ အနုလက်ရာများဖြင့် ဖန်တီးထားမှု အထောက်အထားများကိုလည်း ထူးခြားစွာတွေ့မြင်နိုင်ပေသည်။ မှော်ဇာကျေးရွာအုပ်စု တာဝတိံသာ တောင်ကျောင်းမှရရှိသည့် အုတ်ခွက်၏ ပုံသဏ္ဌာန်မှာ ဂုံးဝိုင်းနှင့် ပေါင်မပါရှိဘဲ လိုဏ်သဘော ရှိသည်။ မျက်နှာပြင်တွင် ကြာပလ္လင်ထက် ခြေနှစ်ဖက်ထပ်လျက် တင်ပျဉ်ခွေ ဗုဒ္ဓရုပ်ပွားတော် တစ်ဆူပါရှိသည်။ ၎င်းရုပ်ပွားတော်၏ ထူးခြားချက်မှာ လက်တော်ဘယ်တင် ညာချမဟုတ်ဘဲ ညာတင်ဘယ်ချလျက် တွေ့ရှိရသည်။ တင်ထားသော ညာလက်တွင် သပိတ်ပိုက်လျက်ရှိသည်။ နောက်ခံတံကဲနှင့် တံကဲပတ်လည် ရောင်ခြည်တော်များ ထွက်နေပုံပါရှိသည်။ အတိုင်းအတာအားဖြင့် အမြင့် ငါးလက်မခွဲ၊ အကျယ်သုံးလက်မရှိသည်။ ငရှင့်ကန်ကုန်းမ ှတွေ့ရှိရသော မြေမီးဖုတ်အုတ်ခွက်၏ အတိုင်းအတာမှာ အမြင့် ငါးလက်မခွဲ၊ အကျယ် သုံးလက်မရှိပြီး ပုံသဏ္ဌာန်မှာ လေးထောင့်မကျတကျပုံရှိ၍ ထိပ်ဘက်တွင် အနည်းငယ် ဝိုင်းသွားပြီး ကြာရွက်ပုံရှိသည်။
ဗုဒ္ဓဆင်းတုတော်
အုတ်ခွက်၏ မျက်နှာပြင်တွင် အလယ်ရှိနောက်ခံတံကဲနှင့် ထီးအုပ်လျက် ကြာပလ္လင်ပေါ်တွင် လက်တော်ဘယ်တင် ညာချ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူသော ဗုဒ္ဓဆင်းတုတော် တစ်ဆူပါသည်။ ကြာပလ္လင်အောက်တွင် ပျော့ပလ္လင်ခံလျက် မှန်ကူကွက်သုံးကွက်ဖော်၍ ထောင့်ချိုးဗီရိုဝိုင်းခံလျက်ရှိ သည်။ အလယ်မှန်ကူကွက်မှာ ဘေးမှန်ကူကွက်များထက် တစ်ဆခန့်ကြီးပြီး အလယ်မှန်ကူကွက်အတွင်း ဘီလူး ပန်းဆွဲသဏ္ဌာန် ခြင်္သေ့ရုပ်တစ်ရုပ်၏ ဝပ်လျက်နေဟန် ရှေ့ပိုင်းကို မြင်နေရသည်။ ၎င်း၏နံဘေး တစ်ဖက်တစ်ချက်ရှိ မှန်ကူကွက်တို့တွင် သစ်သီးများကို ဆွမ်းအုပ်ဖြင့်ထည့်၍ ပူဇော်ထားဟန် တစ်ခုစီပါရှိသည်။ ကြာပလ္လင်ထက်တွင် တင်ပျဉ်ခွေလျက်ထိုင်နေတော်မူသော အလယ်ဆင်းတုတော်ပုံ၌ လက်ဝဲဘက်ပခုံးထက်၌ စံပယ်တင်ထားသော ဧကသီသင်္ကန်းမှာ အနားစွန်း၏ ခေါက်ရိုးစတို့သာလျှင် ထင်ပေါ်သည်။ တင်ပျဉ်ခွေထိုင်နေပုံမှာ ခြေနှစ်ဖက်ချိတ် လျက်ရှိသည်။ ။
ကိုယ်လုံးတော်မှာ ရင်သားဖြိုးဖြိုးမောက်မောက် မရှိဘဲပုံတော်နှင့် မလိုက်အောင်ရှည်လျားသော ကိုယ်လုံးတော်ရှိသည်။ နှာတံတော်မှာ အဖျားပွသည်။ ဦးသျှောင်တော်မှာ ပံ့ပံ့သာတင်ထားသည်။ မုခ်ခုံးသဏ္ဌာန်ရှိသော နောက်ခံ တံကဲနှစ်ထပ်မှ ရောင်ခြည်တော်များ ထွက်လျက်နေဟန် ပါရှိသည်။ တံကဲအထက်အရွက်အနားပတ်လည် ကြာယပ်များဆိုင်းလျက်ပါရှိသော ထီးအောက်မှ တစ်ဖက်တစ်ချက် ဗောဓိအကိုင်းအခက်များ သဏ္ဌာန် သစ်ကိုင်းသစ်ရွက်တို့ ထိုးတက်လျက်ရှိနေသည်။
ထီး၏အထွတ်မှာ သုံးမြွာရှိသော ခက်ရင်းခွနှင့်တူသည်။ ဆင်းတုတော်၏ နံဘေးတစ်ဖက်တစ်ချက်တွင် ကြာပလ္လင် ခြေရင်းမှ ထွက်လျက်ရှိသော ကြောရိုးကြာတံတို့နှင့် ကြာပွင့်ပေါ်တွင် ထီးမိုးလျက်ရှိသော စေတီလုံးလေးတစ်ဆူစီပါရှိသည်။ စေတီ၏ထီးပုံမှာ အလယ်ဆင်းတုတော်တံကဲ အထက်တွင်ပါသော ထီးနှင့် တစ်ပုံစံတည်းဖြစ်သည်။ စေတီတော် တစ်ဖက်တစ်ချက် အထက်အောက်တန်းလျက် ရောင်ခြည် တော် ထွက်လျက်နေဟန် ပါရှိသည်။
မြေမီးဖုတ်အုတ်ခွက်တို့၏ပုံသဏ္ဌာန်မှာ ညောင်ရွက်ပုံလည်းရှိတတ်သည်။ မှော်ဇာကျေးရွာအုပ်စု တာဝတိံသာ ကျွဲကျကျောင်းကုန်းမှ တွေ့ရှိရသော အုတ်ခွက်သည် အဝိုင်း ပုံစံဖြစ်သည်။ ထိုအုတ်ခွက်၌လည်း မျက်နှာဘက်တွင် မြတ်စွာဘုရား၏ ရုပ်ပွားတော်တစ်ဆူ ကြာပလ္လင်ထက် ရိုးရိုးလက်တော် ဘယ်တင်ညာချ ခြေချိတ်လျက်တင်ပျဉ်ခွေ ထိုင်နေဟန်ပါသည်။ မဏိတော် တစ်ဖက်တွင် သစ်ရွက်၊ သစ်ခက်တို့ပုံလည်း ပါရှိသည်။ သို့သော် ဘေးမှရံလျက် တစ်ဖက်တစ်ချက် စေတီတစ်ဆူစီ ပါရှိသည်။ ထိုစေတီ၏ ထူးခြားချက်မှာ ခေါင်းလောင်းပုံနေရာ၌ ခေါင်းလောင်းပုံ မဟုတ်ဘဲ မီးသီးလုံးကဲ့သို့ လုံးလုံးဝိုင်းဝိုင်းဖြစ်နေသည်။ ယင်းအထက်တွင် ဓာတ်တော်တိုက်နှင့် ထီးပုံများလည်း ပါရှိပေသည်။ ဆင်းတုတော်၏ ဘေးတစ်ဖက်တစ်ချက်၌ ကြာပလ္လင်အောက်နှင့် စေတီတော်လေးများအောက် လစ်လပ်သောနေရာတွင် ရှေးဟောင်းနာဂရီ အက္ခရာနှင့် စာများပုံနှိပ်လျက် ရှိဟန်တူသည်။ ကြာပလ္လင်အောက်ရှိ စာလုံးအနက် နောက်နှစ်လုံးမှာ မဏးဆိုသော စကားလုံးဖြစ်ပြီး ယေဓမ္မာ ဟေတုပဘဝါ အစချီလျက် တွေ့ရှိရပါသည်။ ။
သရေခေတ္တရာမြို့ဟောင်းတွင်းမှ တွေ့ရှိရသော အုတ်ခွက်သည် ဘဲဥပုံသဏ္ဌာန်ရှိပြီး အမြင့်မှာ သုံးလက်မခွဲ၊ အချင်း သုံးလက်မရှိသည်။ မျက်နှာဘက်တွင် အထက်အောက်အကန့်ကြီး နှစ်ကန့်ကန့်လျက် နန်းတော်ပုံနှင့်တူသော အဆောက်အအုံပုံတစ်ခုကို အထက်အကန့်တွင် တွေ့မြင်နိုင်ပေသည်။ ထိုအဆောက်အအုံ၏ အထက်ပိုင်းတွင် ပြာသာဒ်ကလေး နှစ်ခုပါရှိသည်။ ၎င်းတို့အောက်အမိုးမှ နှစ်ဖက်မိုးလျှောနှင့် မုခ်ကလေးငါးခု ထွက်လျက်ရှိသည်။ တစ်ခုမှာ မထင်ရှားပေ။ အမိုး၏ တံစက်မြိတ်အောက်တွင် ကြာယပ်များဆွဲလျက် ရှိသည်။ ခန်းမဆောင်၏အလယ်တွင် ပလ္လင်ပေါ်ထက် မင်းရုပ်နှင့်တူသော ရုပ်ပုံတစ်ခုတင်ပျဉ်ခွေလျက် ထိုင်နေဟန်ပါသည်။ ယင်း၏ယာဘက်တွင် ပလ္လင်နိမ့်ထက် မိန်းမရုပ်နှင့်တူသော ရုပ်ပုံတစ်ခုထိုင်နေဟန်ပါသည်။ ထိုရုပ်ပုံနှစ်ခုကြားတွင် ကလေးရုပ်နှင့်တူသော ရုပ်ပုံကလေးပါသည်။ ယင်းတို့ တစ်ဖက်တစ်ချက်ဝဲယာ ခစားနေကြသော မိန်းမ၊ ယောက်ျားမကွဲပြားဘဲ ရုပ်ပုံငါးခုကိုပါ တွေ့ရှိရသည်။
ထိုရုပ်ပုံများသည် သေးငယ်၍လည်းကောင်း၊ မှေးမှိန် ပွန်းပဲ့ခြင်းများကြောင့်လည်းကောင်း ၎င်းတို့၏ ရုပ်ဆင်း သဏ္ဌာန်များကို မခွဲခြားနိုင်ပေ။ ထိုနည်းအတူ အောက်အကန့်တွင် စီတန်းလျက်ပါသော ရုပ်ပုံကလေးများမှာလည်း အကအခုန်များနှင့်လည်း ခစားဝင်ရောက်နေကြဟန် တူပါသည်။ အများအားဖြင့် နောက်တွဲ ဆံထုံးများကို တွေ့ရသဖြင့် မိန်းမရုပ်များနှင့် တူပေသည်။ ၎င်းတို့အလယ်တွင် အုပ်ဆောင်းနှင့် ကလပ်တစ်ခုကို ရေးရေးမြင်ရသည်။ အဆောက်အအုံနှင့်တကွ ရုပ်ပုံများကို ပေါင်းစပ်၍ ကြည့်လိုက်သောအခါ ၎င်းအုတ်ခွက်သည် မင်းခမ်းမင်းနားကို ခင်းကျင်းပြသထားပုံ ဖြစ်ဟန်တူပေသည်။ သို့သော် အုတ်ခွက်တွင်ပါသော အဆောက်အအုံပုံမှာကျောင်းဆောင် ပုံဖြစ်မည်၊ နန်းတော်ပုံဖြစ်မည်ကို သေချာစွာမခွဲခြားနိုင်ချေ။ ထူးခြားချက်မှာ သရေခေတ္တရာမြို့ဟောင်း၌ တွေ့ရှိရသော အုတ်ခွက်တို့တွင် ၎င်းကဲ့သို့သော အဆောက်အအုံပါသော အုတ်ခွက်မှာဤအုတ်ခွက်တစ်ခုသာလျှင် တွေ့ရသေးသည်။
သရေခေတ္တရာမြို့ဟောင်းမှ တွေ့ရှိရသော အုတ်ခွက် ရုပ်ပွားဆင်းတုတော်များသည် ရှေးခေတ်မင်းနှင့်ပြည်သူတို့က ဗုဒ္ဓဘာသာအပေါ် သက်ဝင်ယုံကြည်မှုကိုလည်းကောင်း၊ ရုပ်တုဆင်းတုများ အဆင့်ဆင့် ပြောင်းလဲတိုးတက်လာပုံကိုလည်းကောင်း ညွှန်ပြနေကြ၍ သမိုင်းအတွက် တန်ဖိုးဖြတ်မရသည့် မူရင်းအထောက်အထားများအဖြစ် ရှေးဟောင်း အုတ်ခွက် ရုပ်ပွားများအား ယဉ်ကျေးမှုအမွေအနှစ် ပစ္စည်းများအဖြစ် စောင့်ရှောက်ထိန်းသိမ်းသင့်ပါသည်။
ကိုးကား
(၁) ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုစာစောင်၊ ၂၀၀၅။
(၂) သန်းထွန်း(ဒေါက်တာ)၊ မြန်မာ့မီးဖုတ်မြေထည် ပစ္စည်း၊ မတ်လ၊ ၂၀၀၃။
(၃) မထားထားနွယ်၊ သရေခေတ္တရာမြို့ဟောင်းမှ အုတ်ခွက်များလေ့လာချက်၊ ၂၀၀၆။