မာန်သစ်ငြိမ်း(ရှေးဟောင်းသုတေသန)

 

မြန်မာတို့၏ ပန်းဆယ်မျိုးလုပ်ငန်း ပေါ်ပေါက်လာခဲ့သည့် အချိန် ကာလကို ပုဂံခေတ်တွင်မှ ပေါ်ပေါက်လာသည်ဟု ပညာရှင်အချို့က ခန့်မှန်းခဲ့ကြသော်လည်း မြန်မာလူမျိုးဟု ထင်ထင်ရှားရှားပေါ်ပေါက်၍ မလာမီတွင် ပျူခေတ်ကပင် ဗိသုကာအတတ်၊ ပန်းပု၊ ပန်းပဲ၊ ပန်းတော့၊ ပန်းတမော့ စသော အတတ်ပညာများ ထွန်းကားခဲ့ပေသည်။ ထိုသို့ ထွန်းကားခဲ့ကြောင်းကိုလည်း သရေခေတ္တရာမြို့ဟောင်းမှ တူးဖော် ရရှိခဲ့သော ပျူအရိုးအိုးများ၊ ကျောက်ချပ်ကြီးများ၊ ကျောက်ရုပ်ကြွများ စသည့် အနုပညာရပ်များကို တွေ့ရှိရခြင်းဖြင့် ပျူခေတ်အချိန်ကာလ ကပင် ထိုအနုပညာရပ်များရှိပြီးဖြစ်ကြောင်း သိရှိရပေသည်။ သို့သော် ပုဂံခေတ်သို့ ရောက်ချိန်တွင် ထိုအနုပညာများ ပိုမိုတိုးတက်ကြီးပွားလာသည်ဟု ယူဆသင့်ပေသည်။

 

ထို့ကြောင့် ပုဂံအနော်ရထာခေတ် နောက်ပိုင်းလောက်မှစ၍ ပန်းဆယ်မျိုးအပါအဝင် အနုပညာများသည် မြန်မာနိုင်ငံတွင် တိုးတက် ထွန်းကားလာသည်ဟု ယူဆရသည်။ အင်းဝခေတ်တွင် အထူး တိုးတက်ခဲ့ကြောင်း လက်ဝဲသုန္ဒရ ဦးမြတ်စံ၏ 'သာဓိနပျို့'တွင် 'ကြိုးပမ်းစုံစေ့၊ အမွေ့အသိမ်၊ ပန်းထိမ်တလျည်း၊ ပန်းတည်းတညီ၊ ပန်းချီတကွဲ၊ ပန်းပဲတခု၊ ပန်းပုတတန်၊ ပန်းယန်မလွတ်၊ ပန်းပွတ်တလည်၊ လုပ်သည်လည်း၊ ဖြီးစည်များစွာ' ဟု တွေ့ရပေသည်။ 'ပန်း' ဟု ပညတ်ခေါ်ဆိုကြသည်မှာ မွမ်းမံခြယ်လှယ်စီမံရသော သုခုမအနုပညာ ပါသော လုပ်ငန်းဖြစ်ခြင်းကြောင့် သုခုမအနုပညာကို တင်စား၍ 'ပန်း'ဟု ပညတ်ခေါ်ဆိုကြသည်မှာ မွမ်းမံခြယ်လှယ် စီမံရသော သုခုမအနုပညာပါသော လုပ်ငန်းဖြစ်ခြင်းကြောင့် သုခုမအနုပညာကို တင်စား၍ 'ပန်း' ဟုခေါ်ကြောင်း အချို့ပညာရှိများက ယူဆကြပေသည်။ အချို့သုတေသီပုဂ္ဂိုလ်များကလည်း 'ပန်'ဟု ရှေးက ခေါ်ကြသော စကားမှာ 'ပညာလုပ်ငန်း' ဟူသော အဓိပ္ပာယ်ဖြစ်ကြောင်းကို တိဗက် ဘာသာ၊ တရုတ်ဘာသာ၊ ချင်းဘာသာ စသည်တို့ဖြင့် ကိုးကား၍ တင်ပြကြသည်။ ဤနေရာ၌ 'ပန်း'ဆယ်မျိုး ဖြစ်ပေါ်လာပုံကို သုတေသီကြီးများ၏ ယူဆချက်မှတ်စုများမှ ရမိသမျှသာ စုပေါင်း တင်ပြခြင်းဖြစ်သည်။

 

တကောင်းပျက်ပြီးနောက် တကောင်းမင်းဆက် နောက်ဆုံး သတိုးမဟာရာဇာ၏သားများဖြစ်သော မဟာသ္ဘဝ၊ စူဠသ္ဘဝတို့သည် ယခုပြည်မြို့၌ အုပ်စိုးနေလေသည်။ မဟာသ္ဘဝနှင့် ဗေဒါရီ မိဖုရားတို့မှ ဖွားမြင်သောဘုန်းတန်ခိုးကြီးသော ဒွတ္တပေါင်မင်းက သရေခေတ္တရာ မြို့ကိုတည်၍ ဆက်လက်အုပ်စိုးခဲ့သည်။

 

ပျူလူမျိုးများသည် မြန်မာနိုင်ငံအလယ်ပိုင်း တွင်လည်း အနှံ့အပြားရှိနေကြပြီး လွန်ခဲ့သော နှစ် ၂ဝဝဝ ကျော်က ယခုပြည်တစ်ဝိုက်၌ အများအပြား အားအကြီးဆုံးနေထိုင်ကြသည်။ သရေခေတ္တရာခေတ်မှာ ပျူခေတ်ဟုပင် ခေါ်လောက်ပေသည်။

ထွန်းကားလျက်ရှိ

 

သို့သော်လည်း သရေခေတ္တရာပျူတို့၏ ကျောက်ဆစ်လက်ရာများသည် ပိုမိုထူးခြားမှု ရှိသည်ကို သီရိခေတ္တရာ ရှေးဟောင်းသုတေ သနပြတိုက်ရှိ ခင်းကျင်းပြသထားမှုကို လေ့လာခြင်းဖြင့် သိရှိနိုင်ပေသည်။ တွေ့ရှိ ရသော အထောက်အထားများအရ သရေ ခေတ္တရာတွင် ရုပ်ပွားဆင်းတုများစသည်တို့ကို ပူဇော်သောအလေ့အထသည် ကောင်းမွန်စွာ ထွန်းကားလျက်ရှိနေပြီ ဖြစ်ပေသည်။ ရှေးဟောင်းသာသနိက ပစ္စည်းများကို ထောက်ထား၍ ဗုဒ္ဓဘာသာသည် သရေ ခေတ္တရာနယ်မြေ၌ အေဒီ ၄ ရာစုကတည်း ကပင် စည်ပင်နေပြီဖြစ်ကြောင်း လေ့လာ သိရှိရသည်။ ရှေးဟောင်းသုတေသနဌာနမှ တူးဖော်တွေ့ရှိချက်များကို အထောက်အထား ပြု၍ သရေခေတ္တရာ၌ ရှေးဦးထွန်းကားသော ဗုဒ္ဓ ဘာသာမှာ ထေရဝါဒဗုဒ္ဓဘာသာဖြစ်သည်။ မဟာယာဉ်ဂိုဏ်း ဗုဒ္ဓဘာသာစသည်လည်း ထေရဝါဒဗုဒ္ဓဘာသာနှင့် စင်ပြိုင်ထွန်းကားခဲ့ သည်။ ထို့အပြင် ဗိဿနိုး(နတ်)ကျောက်ရုပ်တု များစွာတွေ့ရခြင်းကြောင့် ဗိဿနိုးနတ် ကိုးကွယ်မှု ရှိနေသည်ဟု ဆိုရမည်ဖြစ်သည်။ ထို့ကြောင့် ယေဘုယျအားဖြင့် သရေခေတ္တရာ ခေတ်တွင် အိန္ဒိယပြည်ဘက်မှ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာ (ဗိဿနိုးကိုးကွယ်မှု)တို့ ကောင်းစွာ ရောက်ရှိနေပြီဖြစ်ကြောင်း ခိုင်မာစွာ မှတ်ယူနိုင်ပေသည်။ ထိုအချက်ကို အထောက်အကူပြုနိုင်သည့်အချက်မှာ ပျူတို့၏ ဓလေ့ထုံးစံ၊ စရိုက်အပြုအမူများ ကောင်းစွာထွန်းကားဖြစ်တည်နေမှုကို ဖော်ပြ ထားသော ခေတ်ပြိုင် ၈ ရာစု၊ ၉ရာစု တရုတ် မှတ်တမ်းများပင်ဖြစ်ပေသည်။

 

50706061_20398

 

သရေခေတ္တရာမြို့ဟောင်းရှိ သီရိခေတ္တရာ ရှေးဟောင်းသုတေသနပြတိုက်ရှိ ပြခန်း ဆောင်(၁)နှင့် ပြခန်းဆောင်(၂)တွင် ခင်းကျင်းပြသထားသော ကျောက်ဆစ် လက်ရာများနှင့် သရေခေတ္တရာမြို့ဟောင်း အတွင်း၊ အပြင်ရှိ ကျောက်ချပ်ရုံများ၌ ကျောက်ဆစ်လက်ရာ ရုပ်ကြွများကို လေ့လာတွေ့ရှိနိုင်ပေသည်။ (၁၉၂၆-၂၇)ခုနှစ်တွင် သရေခေတ္တရာမြို့ဟောင်း၊ ဘောဘောကြီး ဘုရားတောင်ဘက် ဆင်မကိုးဝန်တင်ကုန်းမှ သဲကျောက်ဖြင့် ပြုလုပ်ထားသော ကျောက် ပလ္လင်ကို ရရှိခဲ့သည်။ ကြီးမားသော ကျောက်တုံးကြီးအား ခိုနန်းချိုးပလ္လင်ပုံစံ ထုဆစ်ထားပြီး ပန်းခက်၊ ပန်းပွင့်၊ ပန်းနွယ်၊ ပွတ်လုံးတိုင်၊ လေးထောင့်မှန်စီကွက်များကို လှပစွာ ထုဆစ်ပုံဖော်ထားသည်။ ကျောက် ပလ္လင်မှာ လေးစိတ်ကွဲနေပြီး ကျောက်ပလ္လင် အစိတ်အပိုင်းများကို လေ့လာရခြင်းဖြင့် မပျက်စီးမီက ပုံစံအတိုင်းရှိခဲ့ကြောင်း သိရှိရသည်။

 

ထို့ပြင် (၁၉၂၆-၂၇)ခုနှစ်တွင် ဦးခင် ဘကုန်းမှ တူးဖော်တွေ့ရှိရသော ဌာပနတိုက်ဖုံး ကျောက်ပြားချပ် တူးဖော်ရရှိခဲ့သည်။ သဲကျောက်ဖြင့် ပြုလုပ်ထားသော ကျောက် ဆစ်လက်ရာဖြစ်ပြီး ကျောက်ပြားပေါ်တွင် စေတီပုံသ္ဌာန် အကြွဖော်ထားသည်။ မြန်မာနိုင်ငံတွင် အစောဆုံးတွေ့ရှိရသော စေတီဖြစ်သည်။ ထိုကျောက်ချပ်ရှိ စေတီတော် သည် အိန္ဒိယပြည်ရှိ အသောကမင်းတရားကြီး ၏ ကုသိုလ်တော်ဖြစ်သော ဆန်ချီစေတီ ပုံသ္ဌာန်မှ ပြောင်းလဲရွေ့လျားလာသည်မှာ ယုံမှားဖွယ်မရှိပေ။ အလားတူပင် ဘောဘော ကြီး၊ ဘုရားကြီး၊ ဘုရားမာတို့၏ပုံစံသည်လည်း အထက်ပါ ကျောက်ချပ်ရှိ စေတီပုံစံမှ ရွေ့လျား ပြောင်းလဲကြောင်းကို သံသယကင်းရှင်းစွာ ယုံကြည်နိုင်ပါသည်။ (၁၉၁၁-၁၂)ခုနှစ်တွင် ဘုရားကြီးစေတီ၏ တောင်ဘက် ကိုက် ၂ဝဝ ခန့်အကွာတွင် ပျူစာပါသော ကျောက်အရိုး အိုး လေးလုံးတူးဖော်ရရှိခဲ့သည်။ အရိုးအိုး တစ် လုံးရှိ စာကို ဒေါက်တာစီအိုဘလက်ဒင်က 'သူရိယဝိကြမမင်း၏ ဆွေတော်မျိုးတော်များ' ဟု ဖတ်ရှုခဲ့သော်လည်း 'မိဖုရား'ဟု အနက်ရ သော ပျူဝေါဟာရ'ဥဝေါ'ကို တွေ့မြင်နိုင်ပါ သေးသည်။ ထိုအရိုးအိုး၏ ထူးခြားချက်တစ်ရပ် မှာ အောက်ခြေတွင် ပျူစာများရေးထိုးပါရှိခြင်း ဖြစ်သည်။ ယင်းပျူစာများကို မူလက အလွန် ထုထည်ကြီးမားသော ကျောက်တုံးတွင် ရေးထိုးခဲ့လေသည်။ ထို့နောက် ယင်းကျောက် တုံးကြီးကို အရိုးအိုးထွင်းရာတွင် စာများကို အရိုးအိုး၏အောက်ပိုင်း၌ ထွင်းထားသည်။ ထို့ကြောင့် စာများသည် မပြည့်မစုံဖြစ်နေခြင်း ဖြစ်သည်။ နှုတ်ခမ်းသားတစ်လျှောက် တွင်လည်း ကျောက်သားကို ဆစ်ရာတွင်ပါ မသွားဘဲ ကြွင်းကျန်ရစ်သော စာလုံးအပိုင်း အပြတ်များကို တွေ့ရသည်။ ထိုစာကြောင်းများ မှာ အရေအတွက်အားဖြင့် ခုနစ်ကြောင်းပါ ရှိသည်။ စာမပါသော ကျောက်အရိုးအိုးကို ဖောင်းရစ်များဖြင့် လှပစွာပြုလုပ်ထားသည်။ အထက်ပါ ကျောက်အရိုးအိုး ငါးလုံးသည် အဆက်အစပ်မပါစေဘဲ တစ်ခဲနက်ကြီးမားသော ကျောက်တုံးများမှ ထွင်းလုပ်ထားသည်။ သို့သော် ဗိဿနိုးမိဖုရားသင်္ချိုင်းရှိ ကျောက် အရိုးအိုးများမှာမူ ကျောက်ခွေများပြုလုပ်ပြီး ဆက်စပ်ထားကြောင်း တွေ့ရသည်။

 

(၁၉၆၈)ခုနှစ်တွင် သရေခေတ္တရာ နန်းမြို့ရိုး၏အရှေ့ဘက်အဝင်တံခါးအနီးမှ ဒွါရပါလကျောက်ရုပ်ကို တွေ့ရှိခဲ့ပါသည်။ သဲကျောက်ဖြင့်ပြုလုပ်ထားပြီး ပျူလူမျိုးတို့၏ စိတ်ကူးယဉ် ကျောက်ဆစ်လက်ရာတစ်ခု ဖြစ်ပါသည်။ ဒွါရပါလဆိုသည်မှာ မြို့ဝင်ပေါက် များကို စောင့်ရှောက်သည့် အစောင့်အရှောက် ဖြစ်ပါသည်။ ဒွါရဆိုသည်မှာ အပေါက်ဟု အဓိပ္ပာယ်ရပြီး ပါလဆိုသည်မှာ အစောင့်ဟု အဓိပ္ပာယ်ရပါသည်။

 

ပုံဖော်ထုဆစ်

 

မဟာယာဉ်ဂိုဏ်းဆိုင်ရာ တာရာဒေဝီ နတ်သမီးကျောက်ရုပ်ကြွကို ရွှေတံခါးမြို့ ဝင်ပေါက်အနီးမှ တူးဖော်ရရှိခဲ့ပါသည်။ ထိုအကြွဖော်ထားသော ကျောက်ပြားသည် နှစ်ပိုင်းပြတ်နေသည်။ အဆိုပါ ကျောက်ပြား ပေါ်တွင် ဒုရင်(ကမောင်း)၊ ဆပ်သွား၊ အဆော်၊ သရက်ကင်းတို့အောက်တွင် ကြေးကွေး (သံလျှင်းချိတ်)တို့ အတွင်းရှိ နတ်သမီးသည် ဘေးစောင်းဒူးတုပ်ထိုင်လျက် ရှေ့တည့်တည့် သို့ မျက်နှာမူနေသည်။ နတ်သမီးသည် ယာလက်ကိုထောက်လျက် ဝဲလက်ကိုအထက် သို့ မြှောက်ထားသည်။ ဝဲလက်အတွင်း၌ လှံတံ နှင့်တူသော အရာဝတ္ထုကို ကိုင်ဆောင်ထား သည်။ နတ်သမီး၏ ဝဲဘက်တွင် တစ်ယောက်၊ ယာဘက်တွင်တစ်ယောက် ပေါင်းအခြွေအရံ နှစ်ယောက်သည် ကြေးကွေးတိုင်ပေါ်တွင် ပုံဖော်ထုဆစ်ထားသည်။ တာယာဒေဝီထိုင်နေ သော အောက်ပလ္လင်ခုံတွင် ကမ္ဗလာခင်းထား ပြီး ထိုပလ္လင်ခုံအောက်ခန်းတွင် ဒူးတုပ် လက်ယှက်လျက်၊ အရိုအသေပြုနေသော အခြွေအရံလေးဦးကိုလည်းကောင်း၊ ၄င်းတို့၏အောက်တွင် သွားဖြဲလျက် ဒူးတုပ်ထိုင်နေ သော ဘီလူးမအခြွေအရံ ခြောက်ဦးကို တွေ့နိုင်သည်။

 

ထို့ပြင် ဗုဒ္ဓရုပ်ကြွကျောက်ချပ်ကို ၁၉၂၆ ခုနှစ်တွင် ကျောက်ကာသိမ် ဘုန်းကြီးကျောင်း ဝင်းအတွင်းမှ စေတီရံလျက် ဗုဒ္ဓဆင်းတုတော် နှင့်စေတီပူးတွဲ၍ ပူဇော်ထားသောရုပ်ကြွင်း ကို သရေခေတ္တရာတွင်သာ တွေ့မြင်နိုင်သည်။ လက်ဝဲဘက်တွင် စေတီတစ်ဆူပါရှိပါသည်။ ဆင်းတုတော်၏ ဦးခေါင်းပိုင်းမှာ အလွှာလိုက် ကွာကျနေပြီး ညာဘက်လက်တော်မှာ ကျိုးပဲ့ ပျက်စီးနေပါသည်။ ရုပ်ကြွ၏ညာဘက်အပိုင်း မှာလည်း လုံးဝပျက်စီးနေပြီဖြစ်သည်။ ၁၉၉၃ ခုနှစ်တွင် ထမ္မကောက်အုပ်စု၊ သောကြမ္မာ ဘုရားတောင်ဘက်၊ ပိတောက်ကန်ယာကွက် အတွင်းမှ ဗုဒ္ဓရုပ်ကြွသဲကျောက်တိုင် တူးဖော် ရရှိခဲ့သည့် သဲကျောက်ဖြင့် ပြုလုပ်ထားပြီး မျက်နှာ လေးဘက်ပါရှိသည်။ ထိုမျက်နှာ လေးဘက်တွင် မုဒြာဟန်မတူသော ဗုဒ္ဓရုပ်ကြွ များမှာ အဆင့် သုံးဆင့်ထုလုပ်ထားသည်။ အပေါ်ဆုံးအဆင့်တွင် ဗုဒ္ဓရုပ်ကြွနှစ်ဆူအလယ် ၌ ဘောဘောကြီး စေတီပုံသ္ဌာန် စေတီ တစ်ဆူ ထုလုပ်ပုံဖော်ထားသည်။ သဲကျောက် ဖြင့် ပြုလုပ်ထားပြီး ပျူကျောက်ဆစ်လက်ရာ တစ်ခု ဖြစ်သည်။ မျက်နှာပြင် လေးဖက်ပါရှိပြီး တစ်ဖက်မှာ အားလုံးနီးပါး ပျက်စီးနေသည်။ တွေ့ရှိစဉ်အခါက ကျောက်တိုင်မှာ ဆက်စပ်၍ ထုလုပ်ထားပြီး မျက်နှာပြင်တိုင်တွင် မုဒြာ ဟန်မတူသော ဗုဒ္ဓရုပ်ကြွပုံများကို အဆင့်သုံး ဆင့်ထုလုပ်ထားပါသည်။ ဗုဒ္ဓပုံတော်များ၏ ပလ္လင်အခြေတွင်လည်း ပူဇော်နေသော နတ် ဗြဟ္မာတို့သာမက မျောက်သတ္တဝါတစ်ကောင် ၏ ပုံကိုပါ ထူးခြားစွာပုံ ဖော်ထားသည်။

 

၁၉၂၇-၁၉၂၈ခုနှစ်တွင် ဘောဘောကြီး ဘုရားတောင်ဘက် ကန်ဝက်ခေါင်းကုန်းမှ ပလ္လင်ခုံအောက်ခြေ လေးမျက်နှာတွင် ပျူစာ ပါသော ဗုဒ္ဓဆင်းတုတော်တစ်ဆူ တူးဖော်ရရှိ ခဲ့သည်။ ဆင်းတုတော်၏ ပလ္လင်ခုံလေးမျက်နှာ စလုံးတွင် ပျူစာနှင့်သက္ကတစာတို့ကို ရောစပ် ၍ ရေးထိုးထားသည်။ ပလ္လင်တွင် ရေးထိုးထား သော သက္ကတစာပိုဒ်များသည် အများအား ဖြင့် စာလုံးနှစ်လုံးသာပါသော စာပိုဒ်တိုများ ဖြစ်သည်။ ရေးထိုးထားသော အက္ခရာများ သည် အိန္ဒိယတောင်ပိုင်းအက္ခရာဖြစ်သော် လည်း သက္ကတစာပိုဒ် အချို့စာလုံးများမှာ ဂုပ္တ အက္ခရာများနှင့်ဆက်နွှယ်နေသည်။ ဆင်းတု တော် ပတ်လည်တွင်ရေးထိုးထားသော ကမ္ပည်း စာများမှာ ဇယစန္ဒြဝါရံမန်မင်းနှင့် ဟိရိဝိကြမ မင်းသား ညီနောင်တို့ တစ်နေ့တည်းမှာပင် မြို့တော်နှစ်မြို့ကို တည်ထောင်ကြောင်း၊ ဂုဟ ဒီပဆရာတော်၏ အဆုံးအမသြဝါဒကိုခံယူ ကာ ဤဗုဒ္ဓဆင်းတုတော်ကို ထုလုပ်လှူဒါန်းမှု ပြုလုပ်ခဲ့သောအကြောင်းပင် ဖြစ်သည်။

 

ကောင်းစွာဖြစ်ထွန်း

 

ဤကဲ့သို့ သဲကျောက်လက်ရာများကို တွေ့မြင်ရခြင်းဖြင့် သရေခေတ္တရာပျူတို့၏ ကုန်ထုတ်လုပ်မှုတွင် ကျောက်ဆစ်လက်မှု လုပ်ငန်းသည် ကြီးမားသောကဏ္ဍမှ ပါဝင် လျက်ရှိပေသည်။ ဤမြို့ဟောင်းမှ တွေ့ရှိရ သော ကျောက်ဆစ်လက်ရာဖြစ်သည့် ကျောက်ချပ်ပေါ်တွင်ထုလုပ်ထားသည့် ရုပ်ကြွ ကျောက်ချပ်များ၊ သဲကျောက်ဗုဒ္ဓ ရုပ်ကြွ ဆင်းတုများသည် သရေခေတ္တရာ၏ လက်မှု လုပ်ငန်းကြီးကျယ်မှုကို ခန့်မှန်းနိုင်ပေသည်။ ယင်းအထောက်အထားများကို သုံးသပ်လျှင် သရေခေတ္တရာခေတ်၌ ကျောက်ဆစ်လုပ်ငန်း များ ကောင်းစွာဖြစ်ထွန်းလျက်ရှိသည်ဟု ယူဆနိုင်ပေသည်။ ထို့ကြောင့် မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ်ရှိ သရေခေတ္တရာမြို့ဟောင်းမှ ကျောက်ဆစ် လက်ရာများသည် က္ဘာ့အလယ်တွင် ဝင့်ထည်စွာဖြင့် က္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ကို ရရှိခဲ့ရုံသာမက မြန်မာတစ်မျိုးသားလုံး၏ အမျိုးသားအမွေအနှစ်များဖြစ်သည့် သရေ ခေတ္တရာပျူတို့၏ ထင်ရှားသော ကျောက်ဆစ် အနုလက်ရာများကို ဘိုးစဉ်ဘောင်ဆက်မပျက် စီးစေရန် ထိန်းသိမ်းသွားရန် လိုအပ်နေပါ တော့သည်။ ။

 

ကိုးကား

 

ဒဂုန်နတ်ရှင် - မြန်မာ့ရိုးရာဆယ်ပွင့်ပန်း၊

 

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ - အခြေပြ မြန်မာနိုင်ငံရေးသမိုင်း(ပထမတွဲ)၊

 

မာန်သစ်ငြိမ်း(ရှေးဟောင်းသုတေသန)- သရေခေတ္တရာမြို့ဟောင်းရှိ လေ့လာစရာ နေရာများသမိုင်းနှင့် ဧည့်လမ်းညွန်၊

 

ဦးဖိုးကျား- ခေတ်မီ မြန်မာရာဇဝင်အကျဉ်း

 

50813630_20398077