သရက်ချောင်း ၂ အောက်တိုဘာ
တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်အတွင်း အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်းဖြစ်သော တစ်အိမ်သုံး ဆိုလာမီးလင်းရေး လုပ်ငန်းကို ကျေးရွာ(၅)ရွာအား ဝပ် ၆၀ သုံး ၆၁ ဦး၊ ဝပ် ၁၀၀ သုံး ၁၂၈ ဦး၊ စာသင်ကျောင်း(၃)ကျောင်း၊ ဆေးပေးခန်း၊ ဘာသာရေး အဆောက်အဦ (၇)လုံးနှင့် လမ်းမီးတိုင် ၂၄ တိုင်အား တပ်ဆင်ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါ ကျေးရွာ(၅)ရွာအနက်မှ ပဒတ်ချောင်းကျေးရွာနှင့် လောင်းမင်းဘကျေးရွာတို့တွင် အိမ်သုံးဆိုလာမီးများ တပ်ဆင်ဆောင်ရွက်ပြီးဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ သိရသည်။
ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် မဟာဓာတ်အားလိုင်းရှိသည့် နေရာမှ ၁၀ မိုင်နှင့်အထက် ဝေးကွာသော ကျေးရွာများကို လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၎င်း ဆောင်ရွက်ပေးခဲ့သည့် ကျေးရွာ(၂)ရွာမှ ပဒတ်ချောင်းကျေးရွာတွင် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်းဖြင့် ကျေးရွာရှိ အိမ်ခြေ (၁၁၂)အိမ် ရှိသည့်အနက် တစ်အိမ်သုံး ဝပ် ၆၀ ဆိုလာ ၂၄လုံး၊ ဝပ် ၁၀၀ ဆိုလာ ၆၃ လုံးနှင့် အများပြည်သူပိုင် နေရာများဖြစ်သော လမ်းမီးတိုင်(၇)တိုင်၊ စာသင်ကျောင်း(၁)ကျောင်း၊ ဆေးပေးခန်း(၁)လုံး၊ ဘာသာရေး အဆောက်အဦ(၃)လုံးတို့တွင် ဆိုလာပြားများ၊ ဘက်ထရီနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ပေးထားပြီးဖြစ်ကြောင်း၊ လောင်းမင်းဘကျေးရွာတွင် အိမ်ခြေ (၂၄) အိမ် ရှိသည့်အနက် တစ်အိမ်သုံး ဝပ် ၁၀၀ ဆိုလာ ၁၆ လုံး၊ စာသင်ကျောင်း(၁) ကျောင်း၊ လမ်းမီးတိုင် (၃)တိုင်နှင့် ဘာသာရေး အဆောက်အဦ(၂)လုံး တပ်ဆင်ဆောင်ရွက်ပေးထား ပြီးဖြစ်ကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် ကထီးဝကျေးရွာ၊ ကျောက်ဖြူကျေးရွာနှင့် တောင်ဇင်း ကျေးရွာတို့တွင် ဆက်လက် ဆောင်ရွက်နေမှုများအား ထားဝယ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးလင်း၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး မီးလင်းရေး ကော်မတီများနှင့် တွေ့ဆုံ၍ ဆိုလာနှင့် ဆက်စပ်ပစ္စည်းများအား စနစ်တကျ သုံးစွဲနိုင်ရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မျိုးချစ်ဦး(ပြန်/ဆက်)


