သရက်ချောင်း  ၈ အောက်တိုဘာ 

 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် စီမံကိန်းနယ်မြေအတွင်းရှိ အဏ္ဏဝါထိန်းသိမ်းရေးအစီအစဉ်၊ စီမံကိန်းကနဦးမိတ်ဆက်ခြင်း အခမ်းအနားကို  အောက်တိုဘာ  ၈ ရက် နံနက်ပိုင်းက မြို့နယ်ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးသံချောင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဝေလွင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းတို့က အမှာစကား အသီးသီးပြောကြားရာတွင် မြန်မာနိုင်ငံအဏ္ဏဝါ သယံဇာတများနှင့် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေခြင်းအတွက် အရေးပါသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး နိုင်ငံ၏ စီးပွားရေး၊ အစားအစာလုံခြုံမှု၊ အာဟာရပြည့်ဝမှုမှာ အရေးပါသည့်လုပ်ငန်းဖြစ်ကြောင်း၊ ကမ်းရိုးတန်း တစ်လျှောက်နေထိုင်ကြသော ပြည်သူလူထုများ၏ လူနေမှုဘဝကိုလည်း လုံခြုံမှုရရှိစေမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာနနှင့် ငါးလုပ်ငန်းဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများမှ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းများရှိ ဒေသဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အကောင်အထည်ဖော်ဆောင်ခြင်း၊ ဗဟုသုတများကိုမျှဝေခြင်း၊ အတွေးအခေါ် အကြံညဏ်များ ထွက်ပေါ်လာစေရန်အတွက် အောင်မြင်စွာ ဆောင်ရွက်မှုများ ပြုလုပ်ပြီးဖြစ်ကြောင်း၊ ယနေ့ပြုလုပ်သည့် အခမ်းအနားသည် တနင်္သာရီတိုင်းဒေသကြီးအတွင်း ကနဦးခြေလှမ်းတစ်ခုဖြစ်ပြီး ပြည်ထောင်စု၊ ပြည်နယ်၊ တိုင်းဒေသကြီး အသီးသီးတွင်ရှိသည့် မိတ်ဖက်အဖွဲ့အစည်းများဖြင့် ပူးပေါင်းပြီး အဏ္ဏဝါသယံဇာတများနှင့် ငါးလုပ်ငန်း ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စီမံကိန်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

 

 

ဆက်လက်၍ မြန်မာနိုင်ငံတောင်ပိုင်း ထားဝယ်ခရိုင်အတွင်း ကမ်းနီးငါးလုပ်ငန်းဆိုင်ရာ စီမံထိန်းသိမ်းရေးဆောင်ရွက်နေမှု လုပ်ငန်းများနှင့်ပတ်သက်၍ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူးက ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်ပြီး သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)မှ ဒေါ်ခင်မျိုးမျိုးနှင့် ဦးသောင်းထွဋ်တို့က စီမံကိန်းဧရိယာများ၌ လေ့လာတွေ့ရှိခဲ့သည့် အကြောင်းအရာများနှင့် အချက်အလက်များကို Projector ဖြင့် အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့သည်။ ထိုနောက် သရက်ချောင်းမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်မည့် စီမံကိန်းအကြောင်း ကနဦး မိတ်ဆက်ဆွေးနွေးခြင်းနှင့်ပတ်သက်၍ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထိုနောက် တက်ရောက်လာကြသည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၏ စီမံကိန်းဆိုင်ရာ သဘောထားမှတ်ချက်များ ရယူခဲ့ကြကြောင်း သိရသည်။

 

မျိုးချစ်ဦး(ပြန်/ဆက်)