သရက်ချောင်း   ၁   ဒီဇင်ဘာ

 

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာ၌ ယနေ့ နံနက် ၅ နာရီခန့်က ဒေါ်တင်သန်း၏ နေအိမ်တွင် ဖယောင်းတိုင်မီးထွန်းပြီး ဘုရားမီးပူဇော်ရာမှတစ်ဆင့်  မီးလောင်ခဲ့ပြီး အနီးရှိ နေအိမ်များသို့ မီးကူးစက်လောင်ခဲ့ကာ လူနေအိမ်(၅)လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

 

မီးလောင်ရာသို့ ကျေးရွာနေပြည်သူများ၊ စုံစင်ဖျားကျေးရွာ မီးသတ်စခန်းမှ စခန်းတာဝန်ခံ ဒုတိယမီးသတ် ဦးစီးမှူး ဦးဝင်းဇော်ဦး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်(၂)စီး၊ အရန်မီးသတ်တပ်ဖွဲ့ ဝင်များ၊ ဝင်းဝနယ်မြေရဲစခန်းမှ ရဲအုပ်နေလင်းထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များက ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီတွင် ငြှိမ်းသတ်နိုင်ခဲ့သည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲသူ ဒေါ်တင်သန်း အား ဝင်းဝနယ်မြေရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

သရက်ချောင်း(ပြန်/ဆက်)