သရက်ချောင်း  ၉  ဇွန်  

 

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း ငါးစားသုံးခြင်းသည် ကျန်းမာရေးအတွက် အကျိုးရှိကြောင်း အသိပညာပေး ပိုစတာကို ယနေ့ နံနက် ၈ နာရီက မြို့မစည်ပင်သာယာရေးဈေးကြီးအတွင်း စိုက်ထူခဲ့ကြသည်။

 

အဆိုပါ အသိပညာပေး ပိုစတာတွင် ငါးစားသုံးခြင်းဖြင့်ရရှိသော အကျိုးကျေးဇူးများ၊ ငါးအာဟာရ တန်ဖိုး၊ ငါးအသားဓာတ်တွင် ပါဝင်သော အသားဓာတ်ရာခိုင်နှုန်း၊ ငါးတွင်ပါဝင်သော အာဟာရ ဓာတ်များနှင့် လူတစ်ဦး၏ လိုအပ်ချက်တို့ကို သိရှိစေရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကာလတွင် အများပြည်သူစားသုံးသော အစားအစာများမှ အာဟာရဓာတ်မျှတစွာရရှိရေး ဂရုပြု စားသောက်ကြရမည်ဖြစ်ပြီး ငါးစားသုံးပေးခြင်းဖြင့်လည်း ငါးတွင်ပါဝင်သော ဗိုက်တာမင်-ဒီ နှင့် ဇင့်ဓာတ်ကို ရရှိသဖြင့် ရောဂါပိုးများခုခံကာကွယ်ပြီး ကိုယ်ခံစွမ်းအား ကောင်းမွန်ရေးအတွက် အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့စိုက်ထူရာသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်၊မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင် အရာရှိ ဦးတင်စွမ်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမြင့်နှင့် ဝန်ထမ်းများက ၎င်းအသိပညာပေး ပိုစတာအား စိုက်ထူပေးခဲ့ပြီးနောက် မြို့မဈေးကြီးအတွင်း ဈေးသူ/ ဈေးသားများနှင့် ဈေးဝယ်လာသူပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

 

မျိုးချစ်ဦး(ပြန်/ဆက်)