သရက်ချောင်း စက်တင်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာငါးရွာ၌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀ စီဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို မေလပထမပတ်က စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
တိုက်ကြီးမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် မြို့နယ် အတွင်းရှိ ကျွဲရေအိုင် ကျေးရွာတွင် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ သိမ်ကုန်းကျေးရွာတွင် ကျေးရွာတွင်း ချောင်းကျောက်ခင်းခြင်းလုပ်ငန်း၊ ကင်းပုန်းခြုံကျေးရွာတွင် မြေသားလမ်းခင်းခြင်းလုပ်ငန်း၊ ကျွဲဇပ် ကျေးရွာတွင်ကျေးရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းတို့ကို ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေ ကျပ်သန်း ၁၀၀ စီဖြင့် စုစုပေါင်း ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းငါးခုအား ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ် ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိမှာတော့ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း သရက်ချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ထက်က ပြောပြ၍ သိရသည်။
သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ကို ၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ်မှစတင်၍ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်အထိ ကျေးရွာစုစုပေါင်း(၇၆)ရွာတွင် ကျေးရွာ၏ လိုအပ်ချက်များဖြစ်သော ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်း (၇၆)ခုကို ပြည်သူလူထု၏ သဘောဆန္ဒဖြင့် ရွေးချယ်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
စိုးမိုးကျော်