သရက်ချောင်း   အောက်တိုဘာ  ၂

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ပထမ(၆)လတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး စီမံကိန်းကျေးရွာသုံးရွာ ရွေးချယ်ခြင်း ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို အောက်တိုဘာ ၁ ရက်နံနက်ပိုင်းက သရက်ချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ သရက်ချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သရက်ချောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ၂၀၂၁-၂၀၂၂ခုဘဏ္ဍာရေးနှစ် ပထမ(၆)လတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေကျပ်သိန်း(၁၀၀)ဖြင့် ကျေးရွာသုံးရွာအား ထပ်မံတိုးချဲ့ အကောင်အထည် ဖော်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ကျေးရွာရွေးချယ်သည့်အခါ ကျေးရွာသူ၊ ကျေးရွာသားများ၏ စီမံကိန်းလုပ်ငန်းများအပေါ် စိတ်အားထက်သန်မှုရှိသော ကျေးရွာ၊ စည်းလုံးညီညွတ်မှုရှိသောကျေးရွာ၊ တက်ကြွစွာဆောင်ရွက် လိုမှုရှိသော ကျေးရွာနှင့် အကျိုးခံစားခွင့် အိမ်ထောင်စုများသော ကျေးရွာ၊ စီမံကိန်းထောက်ပံ့ရန်ပုံငွေအပြင် ကျေးရွာမှထည့်ဝင်ငွေများဖြင့် ဆောင်ရွက်လိုသည့် ကျေးရွာများအား ဦးစားပေးရွေးချယ်ပေးစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

 

ထို့နောက်တက်ရောက်လာကြသော မြို့နယ်အဆင့် စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီဝင်များ ပေါင်းစပ်ညှိနှိုင်း၍ သရက်ချောင်းမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ခုဘဏ္ဍာရေးနှစ် ပထမ(၆)လတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေကျပ်သိန်း(၁၀၀)ဖြင့် ဆောင်ရွက်ရန် သတ်မှတ်စံနှုန်းများဖြင့် ကိုက်ညီသော မာလကာချောင်း၊ ကျောက်ဆယ်၊ စုံစင်ဖျားကျေးရွာသုံးရွာတို့အား ပထမဦးစားပေးအဖြစ် အတည်ပြုရွေးချယ်ပေးခဲ့ကြကြောင်း သိရသည်။

 

စိုးမိုးကျော်