သရက်ချောင်း ၄ မတ်
၂၀၁၉ ခုနှစ် မတ် ၆ ရက်တွင် ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်၌ ကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၅၀၄)ဦး ဝင်ရောက်ဖြေဆိုသွားမည်ဟု သရက်ချောင်းမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
သရက်ချောင်းမြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် သရက်ချောင်းမြို့တွင် စာစစ်ဌာန(၄)ခုဖြင့် စီစဉ်ဆောင်ရွက်ထားရှိပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျောင်းသား ကျောင်းသူ မိဘများမှ အနီးကပ်စောင့်ရှောက်မှုများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို သရက်ချောင်းမြို့နယ်အတွင်းရှိ စာစစ်ဌာနလေးခုတွင် ဖြေဆိုမည်ဖြစ်ပြီး အဆိုပါ စာစစ်ဌာနများမှ အ.ထ.က သရက်ချောင်းကျောင်းတွင် (၅၃၇)ဦး၊ အ.ထ.က ညောင်ဇင်ကျောင်းတွင် (၂၇၉)ဦး၊ အ.ထ.က ကမြိုင်ကျောင်းတွင် (၄၈၁)ဦး၊ အ.ထ.က ကနက်သီရိကျောင်းတွင် (၂၀၇)ဦး စုစုပေါင်း (၁၅၀၄)ဦး ဖြေဆိုသွားမည်ဖြစ်ကြောင်း သရက်ချောင်းမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
မျိုးချစ်ဦး(ပြန်/ဆက်)