သရက်ချောင်း ဇူလိုင် ၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူ လယ်သမားများအား ၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုး ထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် ၉ နာရီခွဲမှစ၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးရာတွင် ယခင်စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်ပြီးသူများကို ထုတ်ချေးပေးခြင်းဖြစ်ပြီး သရက်ချောင်းမြို့နယ်အတွင်းရှိ လဘကျေးရွာအုပ်စုမှ တောင်သူ (၆၄)ဦးအား တစ်ဧကလျှင် ၁ သိန်းခွဲနှုန်းဖြင့် စပါးစိုက် (၄၆၇)ဧကအတွက် ချေးငွေကျပ် ၇၀၀၅၀၀၀၀ ကိုလည်းကောင်း၊ ဆင်ကူးကျေးရွာအုပ်စုမှ တောင်သူ (၃၅)ဦးအား တစ်ဧကလျှင် ၁ သိန်းခွဲနှုန်းဖြင့် စပါးစိုက် (၁၅၁)ဧကအတွက် ချေးငွေကျပ် ၂၂၆၅၀၀၀၀ ကိုလည်းကောင်း ထုတ်ချေးပေးခဲ့သည်။
ဆက်လက်၍ မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့် ကျေးရွာ (၃၄)ရွာရှိသည့်အနက် ဇူလိုင်လအတွက် လဘ၊ ဆင်ကူး၊ ရန်ထောင်၊ မော်ရှည်ကုန်း၊ ကျွဲမင်းကုန်း၊ အိမ်ရှေ့ပြင်၊ ကဇိ၊ ကနက်သီရီ၊ တီထွင်ပြင်၊ စုံစင် ကျေးရွာ (၁၀)ရွာမှ တောင်သူ (၆၅၇)ဦးအား တစ်ဧကလျှင် ၁ သိန်းခွဲနှုန်းဖြင့် စပါးစိုက် (၃၅၃၉)ဧက လျာထားချေးငွေကျပ် ၅၃၀၈၅၀၀၀၀ ကို ထုတ်ချေးပေးရန် စီစဉ်ထားရှိကြောင်း သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်အေးသီတာထံမှ သိရသည်။
သားကြီး (သရက်ချောင်း)