သရက်ချောင်းမြို့နယ်တွင် မြို့နယ်ဘောလုံးအဖွဲ့ချုပ်၊ နာယကဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ  အသက်(၁၇)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

သရက်ချောင်း ၁၁ မေ  

    
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်တွင် ၂၀၁၉ ခုနှစ် မြို့နယ်ဘောလုံးအဖွဲ့ချုပ်၊ နာယကဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အသက်(၁၇)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၃ နာရီက မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ ယှဉ်ပြိုင်ကစားမည့် ပြိုင်ပွဲဝင်အသင်း (၁၁)သင်းက ရပ်ကွက်/ကျေးရွာအလိုက် ဆိုင်းဘုတ်များကိုင်ဆောင်ပြီး စနစ်တကျကွင်းအတွင်းသို့ ဝင်ရောက်နေရာယူခဲ့ကာ မြို့နယ်ဘောလုံးအဖွဲ့ချုပ်၊ နာယက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းက အမှာစကားပြောကြားသည်။ 


ယင်းနောက် ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်း နေရာယူပြီးနောက် အားကစား သစ္စာအဓိဌာန် (၄)ချက် ရွတ်ဆိုခဲ့ကြပြီး ပြိုင်ပွဲအားကျင်းပရာ ပြင်းဖြူကြီး ကျေးရွာအသင်းနှင့် ကတွဲကျေးရွာအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲကို အသင်း (၁၁) သင်းဖြင့် အုပ်စုပတ်လည်ကစားမည်ဖြစ်ပြီး ပြိုင်ပွဲကို ယနေ့ မေ ၁၁ ရက်မှ ဇွန် (၁) ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

1

    
ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အုပ်ချုပ်သူနည်းပြများနှင့် အားကစားသမားများ၊ ကျောင်းသား/ကျောင်းသူများ၊ ရပ်ကွက်/ကျေးရွာများမှ အားကစားဝါသနာရှင်များ လာရောက်အားပေး ကြည့်ရှုခဲ့ကြကြောင်း သိရသည်။


မျိုးချစ်ဦး(ပြန်/ဆက်)  

 

1