သရက်ချောင်း ၁၅ ဇွန်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့ရှိ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းနှင့် ပန်းတောရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတို့တွင် ကျောင်းသား၊ ကျောင်းသူများ ခြင်အန္တရာယ် ကင်းဝေးစေရေးနှင့် ကျောင်းများ သန့်ရှင်းသာယာလှပစေရေးအတွက် ယနေ့ နံနက်ပိုင်းတွင် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ သန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းကို မြို့နယ်ရဲတပ်ဖွဲ့မှဦးဆောင်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်း၊ မြို့မရဲစခန်းမှ စခန်းမှူး ကျော်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်နိုင်လွင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာကော်မတီနှင့် ပြည်သူများပူးပေါင်း၍ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် ရည်ရွယ်ကာ ကျောင်းဝင်းအတွင်း၊ အပြင်တို့တွင် အမှိုက်များ၊ ချုံနွယ်ပိတ်ပေါင်းများ၊ ပေါင်းပင်မြက်ပင်များ ရှင်းလင်းခြင်းနှင့် ရေမြောင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးများကို စနစ်တကျ စုပေါင်းရှင်းလင်း ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေးအတွက် မြို့နယ်အတွင်းရှိ စာသင်ကျောင်းများတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံလူထုများ စုပေါင်း၍ အဆက်မပြတ် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု ဒေသခံတစ်ဦးကပြောကြားခဲ့သည်။
မျိုးချစ်ဦး(ပြန်/ဆက်)