ဂန့်ဂေါ၊ ၁၀ ဇန်နဝါရီ

 

ဂန့်ဂေါခရိုင် ကျောက်ထုမြို့အနီး သရက်ချဉ်ရွာနှင့် ငလွန်းကျေးရွာကြား ကျေးလက်လမ်းတွင် ယောချောင်းကူး သံကူကွန်ကရစ်တံတား ဆောက်လုပ်လျက်ရှိရာ အဆိုပါတံတားကို အရှည်ပေ ၂၅၀၊ အကျယ် ၁၄ ပေ၊ အမြင့် ၂၀ ပေတို့ဖြင့် ဆောက်လုပ်လျက်ရှိနေပြီး ပြည်ထောင်စုရန်ပုံငွေ ကျပ်သိန်း ၅၅၀ ခွင့်ပြုထားကြောင်း သိရသည်။

 

ယခင်က သစ်၊ ဝါး စသည်ဖြင့် ဆောက်လုပ်ထားသည့် လူကူးကြိုးတံတားဖြင့်သာ သွားလာကြရသော်လည်း ယခုဆောက်လုပ်လျက်ရှိသည့် အဆိုပါတံတား ပြီးစီးသွားပါက သရက်ချဉ်၊ ငလွန်း စသည့် ကျေးရွာများသာမက အနီးပတ်ဝန်းကျင် ကျေးရွာ ၁၁ ရွာမှ ပြည်သူများ လမ်းပန်းဆက်သွယ်မှု ရာသီမရွေး လွယ်ကူသွားမည်ဖြစ်သည့်အပြင် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတို့ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

 

တံတားဆောက်လုပ်ရာသို့ ဂန့်ဂေါခရိုင် တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်တို့နှင့် တာဝန်ရှိသူများသည် ဇန်နဝါရီ ပထမပတ်အတွင်းက သွားရောက်ကွင်းဆင်း ကြည့်ရှုကြကြောင်းနှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်နိုင်ရေး လုပ်ငန်းဆိုင်ရာများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

၁၄၄