သရက် ဧပြီ ၂၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၁၀၂၃ ဒသမ ၇၃၆ သန်း အသုံးပြုကာ ကျေးရွာ ၄၉ ရွာ၌ သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သရက်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေများ ဖူလုံစွာရရှိရေးအတွက် ဦးစားပေးဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် မြို့နယ်ခြောက်မြို့နယ်ရှိ ကျေးရွာပေါင်း ၄၉ ရွာ၌ သောက်သုံးရေဖူလုံစွာ ရရှိနိုင်ရေးအတွက် ပြည်ထောင်စုရန်ပုံငွေကျပ် ၅၂၆ ဒသမ ၉၉၆ သန်းဖြင့် ကျေးရွာ ၂၂ ရွာ၌ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ရှစ်ခု၊ မြစ်ရေတင်ခြင်းလုပ်ငန်း ငါးခု၊ မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်း သုံးခုနှင့် အခြားလုပ်ငန်း သုံးခု စုစုပေါင်း ရေရှိရေးလုပ်ငန်း ၂၂ ခုတို့ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၄၉၆ ဒသမ ၇၄ သန်းဖြင့်လည်း ကျေးရွာ ၂၇ ရွာတို့၌ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ရှစ်ခု၊ မြေသားရေကန်ပြုပြင်ခြင်းလုပ်ငန်း ၁၀ ခု၊ လက်တူးတွင်းတူးဖော်ခြင်းလုပ်ငန်း လေးခုနှင့် အခြားလုပ်ငန်းငါးခု စုစုပေါင်းလုပ်ငန်း ၂၇ ခု အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သရက်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးထံမှ သိရသည်။
“ကျွန်တော်တို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေနဲ့တော့ ကျေးလက်ဒေသများ သန့်ရှင်းသော သောက်သုံးရေရရှိရေးကို ဦးစားပေး ဆောင်ရွက်နေပါတယ်။ သောက်သုံးရေ ရှားပါးနိုင်တဲ့ ကျေးရွာတွေကိုတော့ သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီတွေနဲ့ ဦးစားပေးအလိုက် ရွေးချယ်ပြီး ရေရှားပါးနိုင်မှု မရှိစေရေး ကြိုးစားဆောင်ရွက်နေပါတယ်” ဟု ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးက ဆက်လက်ပြောပြသည်။
ကိုလှိုင်(ကျေးလက်)