သရက် ၁၂ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် အတွင်းရှိ မြို့နယ်ငါးမြို့နယ်တွင် ကျေးရွာပေါင်း ၆၂ ရွာအား ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက နိုင်ငံတော် ထောက်ပံ့ရန်ပုံငွေ ကျပ်သန်း ခြောက်ရာ့နှစ်ဆယ်၊ ပြည်သူထည့်ဝင်ငွေကျပ် ၂၀၈ ဒဿမ ၈၃၅၈ စုစုပေါင်းကျပ်သန်း ၈၂၈ ဒဿမ ၈၃၅၈ သန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်း စုစုပေါင်း ၆၂ ခုကို ယခုဘဏ္ဍာရေးနှစ်အတွင်း ရာနှုန်းပြည့် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သရက်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း လုပ်ငန်းများကို သရက်မြို့နယ်တွင် ၁၂ ရွာ၊ ကံမမြို့နယ်တွင် ၁၄ ရွာ၊ မင်းလှမြို့နယ်တွင် ၁၂ ရွာ၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ၁၀ ရွာနှင့် အောင်လံမြို့နယ်တွင် ၁၄ ရွာ စုစုပေါင်း ၆၂ ရွာတွင် လမ်းလုပ်ငန်း ၄၁ ခု၊ ရေရရှိ ရေးလုပ်ငန်း ရှစ်ခု၊ မီးရရှိရေးလုပ်ငန်း ၁၁ ခု၊ ရေကျော်တည်ဆောက်ခြင်း လုပ်ငန်းတစ်ခုနှင့် သဲဖမ်းတာရိုးပြုလုပ်ခြင်း၊ ကွန်ကရစ်တံတား တည်ဆောက်ခြင်း၊ ရေတားနံရံ တည်ဆောက်ခြင်းနှင့် ရေမြောင်းဟောင်း ပြန်လည်ပြုပြင်ခင်းလုပ်ငန်းတစ်ခု စုစုပေါင်း လုပ်ငန်း ၆၂ ခုကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်ကာ “အဆိုပါကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကြောင့် ကျေးရွာပေါင်း ၆၂ ရွာ၏ အိမ်ခြေ ၁၄၄၉၂ အိမ်နှင့် လူဦးရေ ၆၂၁၃၉ ဦးတို့အတွက် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး လုပ်ငန်းများကို အကျိုးပြုလျက်ရှိသည့်အပြင် ကုန်စည်ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများပါ ယခင်ကထက် ပိုမိုဖြစ်ထွန်းလျက် ရှိနေပါတယ်“ ဟု သရက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတိုးကြည် က ပြောပြသည်။
သရက်ခရိုင်အတွင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈ ခု ၆ လ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာပေါင်း ၅၁ ရွာတွင် နိုင်ငံတော် ထောက်ပံ့ရန်ပုံငွေကျပ်သန်း ငါးရာ့တစ်ဆယ်၊ ပြည်သူထည့်ဝင်ငွေကျပ်သန်း ၈၉ ဒဿမ ၂၈၂၄၇ သန်း၊ စုစုပေါင်း ၅၉၉ ဒဿမ ၂၈၂၄၇ ကျပ်သန်းဖြင့် လမ်းတံတား ၂၃ ခု၊ ရေပေးရေး ၁၂ ခု၊ မီးလင်းရေး သုံးခု၊ ပညာရေးအဆောက်အဦ ငါးခု၊ ကျန်းမာရေး အဆောက်အဦ ငါးခုနှင့် အခြားဖွံ့ဖြိုးရေး လုပ်ငန်းသုံးခုတို့ကို ဆောင်ရွက်ပေးခဲ့ပြီး လူဦးရေ ၄၆၃၁၉၊ အိမ်ထောင်စု ၁၀၂၈၅ တို့ကိုပါ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ၎င်းကဆက်လက် ပြောပြသည်။
ဆုဝေထွန်း(သရက်)


