မကွေး ၂၃ နိုဝင်ဘာ
တရားဝင်လိုင်စင်များ ခွင့်ပြုပေးနေသော်လည်း လိုင်စင်သက်တမ်းမတိုးဘဲ ကျောက်စရစ်ခိုးထုတ်ခြင်း၊ တရားမဝင် နယ်ကျော်တင်ပို့ရောင်းချခြင်းများ ရှိနေပြီး သရက်ခရိုင်အတွင်းမှ ကျောက်စရစ်ခိုးထုတ်သူ ၆ ဦးနှင့် ရေယာဉ်(၁၄)စီးအား လတ်တလော အရေးယူထားရကြောင်း မကွေးတိုင်း ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကျောက်စရစ်လုပ်ကွက်များတွင် ကျောက်စရစ်နှင့်အတူ ရွှေထွက်သည့် အခြေအနေများလည်း ရှိနေပြီး တရားမဝင် ခိုးထုတ်နေမှုများကို ပြည်သူများကတိုင်ကြားသဖြင့် စစ်ဆေးခဲ့ရာ ယင်းသို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
“သရက်ခရိုင် ဧရာဝတီမြစ်ကြောင်းတစ်လျောက် မိုင် ၈၀လောက်က ကျောက်စရစ်တွေထုတ်နေတာ။ ခိုးထုတ် တာကို ခုလက်ရှိ တွေ့တာကတော့ လုပ်ငန်းရှင်တွေထဲက များတယ်။ ဇလုံဘက်ကရွာတစ်ချို့မှာ ရပ်ရွာဖွံ့ဖြိုးရေးခေါင်းစဉ်နဲ့ ထုတ်နေ တာ နှစ်ဦးရှိတယ် ။ ကျန်တာတွေကတော့ တရားဝင်ချထားပေးဖူးတဲ့ လုပ်ငန်းရှင်တွေထဲက ” ဟု မကွေးတိုင်းရေအရင်းအမြစ် နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၊ တိုင်းဦးစီးမှူး ဦးဇော်လွင် ကပြောသည်။
ဒေသအလိုက်ဆိပ်ကမ်းကော်မတီများဖွဲ့စည်းရာတွင် လုပ်ငန်းရှင်များထဲမှတစ်ဦးကို ကော်မတီအတွင်းရေးမှူးအဖြစ် ထားရှိပြီးဖြစ်၍ လိုင်စင်သက်တမ်းတိုးကာလ နှင့် စည်းမျဉ်းစည်းကမ်းများကို လုပ်ငန်းရှင်များ မသိစရာအကြောင်းမရှိကြောင်း ၊ လောဘ နှင့် စည်းကမ်းမလိုက်နာမှုကြောင့် ခိုးထုတ်မှုဖြစ်စဉ်များ ရှိနေခြင်းဖြစ်ကြောင်း တိုင်းဦးစီးမှူးက ဆိုသည်။
ကျူးလွန်သူများအား ရေအရင်းအမြစ်နှင့်မြစ်ချောင်းများထိန်းသိမ်းရေး ဥပဒေပုဒ်မ(၁၃)ကို ကျူးလွန်ဖောက်ဖျက်မှု ဖြင့် ပုဒ်မ(၂၆/၂၉)တို့အရ အမှုဖွင့်လှစ် တရားစွဲဆိုနိုင်ရန် ဆောင်ရွက်ထားကြောင်း သိရသည်။
ဇေယျတု(မကွေး)


