သရက်  ၁၁  ဧပြီ

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မြို့နယ်သုံးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၆၅ ရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် Unicef တို့ပူးပေါင်းမှုဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (ကိုဗစ်-၁၉) ထိန်းချုပ် ကာကွယ်ရေးအတွက် အများသုံးလက်ဆေးစင်များ တပ်ဆင်ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် လက်ဆေးဘေစင်များ တပ်ဆင်ဆောင်ရွက်ခြင်းကို သရက်မြို့နယ်တွင် ရွာ(၃၀)၊ မင်းလှမြို့နယ်တွင် (၁၅)ရွာနှင့် အောင်လံမြို့နယ်တွင် ရွာပေါင်း (၂၀) စုစုပေါင်း(၆၅)ရွာအား တပ်ဆင်ပေးခြင်းဖြစ်ပြီး ကျေးလက်နေပြည်သူများ ကျန်းမာသန့်ရှင်းရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် လက်ရှိဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် အထောက်အပံ့ကောင်း ရရှိစေရန် ရည်ရွယ်၍ ကျေးရွာများသို့ အရောက် တပ်ဆင်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သရက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါ အများသုံးလက်ဆေးစင်များ တပ်ဆင်ရာတွင် ရောဂါကြိုတင်ကာကွယ်နိုင်ရေး လိုက်နာဆောင်ရွက်ရန် ဆောင်ရန်/ရှောင်ရန်အချက်များပါရှိသည့် ပညာပေး ဗီနိုင်းပိုစတာ၊ စတီးလက်ဆေးစင်၊ ဆပ်ပြာ၊ ရေပုံးနှင့် ရေခွက်များကို တပ်ဆင်ပေးခြင်းဖြစ်ပြီး လူစည်ကားသောနေရာများဖြစ်သော ဈေးများ၊ ကျေးလက်ကျန်းမာရေးဌာန၊ စာသင်ကျောင်း၊ ခရီးသွားလာရေးဂိတ်များ၊ ရောဂါထိန်းချုပ် ရေးစခန်းများနှင့် ဘာသာရေးဆိုင်ရာနေရာများတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဝန်ထမ်းများ ကိုယ်တိုင် ကျေးရွာအရောက်တပ်ဆင် ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း သရက်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တခရိုင်ဦးစီးမှူး ဦးမင်းဇော်ဟန် (လက်ထောက်ညွှန်ကြားရေးမှူး-နည်းပညာ)ထံမှ သိရသည်။

                       

ဆုဝေထွန်း(သရက်)