သရက် မေ ၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) အား သရက်ခရိုင်အတွင်း မြို့နယ်လေးမြို့နယ်ရှိ ကျေးရွာပေါင်း ၅၀ ရွာ၌ စီမံချက်များရေးဆွဲပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို လာမည့် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်းဖြင့် ဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲခြင်းကို သရက်မြို့နယ်၌ ၁၃ ရွာ၊ မင်းလှမြို့နယ်၌ ၁၂ ရွာ၊ ဆင်ပေါင်ဝဲမြို့နယ်၌ ၁၂ ရွာနှင့် အောင်လံမြို့နယ်၌ ၁၃ ရွာ စုစုပေါင်း ကျေးရွာ ၅၀ ရွာတို့၌ ကျေးရွာဖွံ့ဖြိုးရေးစီမံချက်များအား တိုးချဲ့ရေးဆွဲပြီး ကျေးရွာ၏ လိုအပ်ချက်များကို ဦးစားပေးအစီအစဉ်ဖြင့် ရွေးချယ်ကာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သရက်ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးက ပြောသည်။
“ပြည်သူလူထုကိုယ်တိုင် ကျေးရွာရဲ့ ပကတိလိုအပ်ချက်တွေကို ဖော်ထုတ်ပြီး ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးအစီအစဉ်တွေကို စနစ်တကျစုပေါင်း၍ ကဏ္ဍပေါင်းစုံပါဝင်သည့် ဖွံ့ဖြိုးရေးအစီအစဉ် ရေးဆွဲခြင်းဖြစ်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ကို အကောင်အထည်ဖော်ရန် ဖြစ်ပါတယ်။ ကျေးရွာတွေကို ရွေးချယ်ရာမှာ အကျိုးခံစားရမယ့် အိမ်ထောင်စုများတဲ့ ကျေးရွာတွေ၊ စီမံကိန်းဆောင်ရွက်ဖို့ စိတ်အားထက်သန်တဲ့ ကျေးရွာတွေ၊ စည်းလုံးညီညွှတ်မှုရှိတဲ့ ကျေးရွာတွေ စတဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ ကျေးရွာပေါင်း ၅၀ ကို သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ စိစစ်ရွေးချယ်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို တိုးချဲ့ဆောင်ရွက်ပေးသွားမှာပါ”ဟု ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးက ပြောပြသည်။
ကိုလှိုင်