သရက် မေ ၆
မကွေးတိုင်းဒေဿကြီး သရက်မြို့၌ သရက်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth Club တို့ပူးပေါင်း၍ We Love Thayet ခေါင်းစဉ်ဖြင့် အလယ်တန်းဆင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက We Love Thayet ခေါင်းစဉ်ဖြင့် အလယ်တန်းဆင့် ပန်းချီပြိုင်ပွဲကို မိမိမွေးရပ်ဒေသ၏ အထင်ကရ အထိမ်းအမှတ်များကို လေ့လာသိရှိစေရန် ဇာတိချစ်စိတ်ရှိစေရန် ငယ်စဉ်မှစပြီး လေ့လာသင့်ယူတက်သည့် အလေ့အထကောင်းများ ရရှိစေရန် အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်တက်စေရန်အတွက် ကျင်းပရခြင်း နှင့် မိမိဌာနအနေဖြင့် နွေရာသီအားလပ်ရက်ရှည်မှာ ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်ပြီး သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း သားတို့သမီးတို့အနေဖြင့် တက်ရောက်ခဲ့သည့် သင်တန်းမှ ပညာရပ်များဖြင့် ယခုလို ပြိုင်ပွဲမှာ လက်တွေ့အသုံးချနိုင်မှာ ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပန်းချီဆရာ ဦးညွန့်လှိုင်နှင့် ဆရာ ဦးထွန်းနိုင်ဦးက အမှတ်ပေး စည်းမျဉ်းစည်းကမ်းနှင့် ပတ်သက်၍ အကြောင်းအရာ (သို့မဟုတ်) ခေါင်းစဉ်နှင့်အညီ ရေးဆွဲနိုင်ခြင်း၊ တီထွန်ဖန်တီးမှုနှင့် စိတ်ကူးစိတ်သန်းကို ဖော်ထုတ်နိုင်ခြင်း၊ အလင်းအမှောင်ကို ချိန်ညှိနိုင်ခြင်း အချိုးအစား ပြေပြစ်မှု၊ လိုက်ဖက်ညီသော အရောင်ကို အသုံးပြုနိုင်ခြင်း၊ မျက်စိအမြင်ခံစားနိုင်သော အသွင်အပြင် ညီညာပြေပြစ်မှု သက်ဝင်လှုပ်ရှားမှုရှိခြင်း၊ နီးစပ်တူညီမှုရှိခြင်းနှင့် ပန်းချီပညာကို ဆက်စပ်ဖော်ထုတ်ခြင်းတို့ကို ပြောကြားပြီး ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများက We Love Thayet ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား မေ ၈ ရက်တွင် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ဆုများချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ထက်( သရက်)