သရက် နိုဝင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် မုံဇလီကျေးရွာတွင် မိုးစပါးစံကွက် ရိတ်သိမ်းခြင်းနှင့် တောင်သူများအား အသိပညာပေးခြင်းကို ယနေ့ နံနက် ၈ နာရီက မုံဇလီကျေးရွာ တောင်သူဉီးအောင်ဌေး၏ ကွင်းအမှတ်-၅၂ ဦးပိုင်အမှတ်-၃၅၃တွင် တစ်ဧကတွင် စိုက်ပျိုးထားရှိသည့် ဆင်းသုခစပါးခင်းတွင် ပြုလုပ်သည်။ မိုးစပါးရိတ်သိမ်းရာတွင် အစို(၉၉.၆၁)တင်း၊ အခြောက်(၈၉.၆၅)တင်း ထွက်ရှိခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါစံကွက်ရိတ်သိမ်းပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင့်နေအောင်က တောင်သူများ မျိုးသန့်မျိုးစေ့ရရှိရန်အတွက် ယခုကဲ့သို့ မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးပြသခြင်းဖြစ်ကြောင်းနှင့် ထွက်ရှိလာသော မျိုးစေ့များကို မျိုးသန့်အဖြစ် ဆက်လက်ဖြန့်ဖြူး သွားမည်ဖြစ်ကြောင်း မျိုးသန့်များ စိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းတိုးတက်ပြီး လူမှုစီးပွားရေး အဆင်ပြေလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် တောင်သူများက သိလိုသည်များ မေးမြန်းခဲ့ရာ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း၊ မိုးစပါးကွက် ရိတ်သိမ်းပွဲသို့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဝန်ထမ်းများနှင့် တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။
ဇော်ထက်(သရက်)