သရက် မတ် ၁၀
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခြောက်လတာကာလတွင် အကောင်အထည်ဖော် ဆောင်ရွက်ရန် လျာထားသည့် စိုက်ပျိုးမြေဧက ၁၀၀ ကျော် အကျိုးပြုမည့် ညောင်နီကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း လုပ်ငန်းများကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ဒုတိယအပတ်မှ စတင်ဖောက်လုပ်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်ဒေသရှိ လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များ ဈေးကွက်သို့ ဈေးနှုန်းသက်သာစွာဖြင့် လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်ရန်ရည်ရွယ်၍ ကျေးလက်ကုန်ထုတ် လမ်းများ၊ ကုန်ထုတ်တံတားများကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဖောက်လုပ်ပေးလျက်ရှိကြောင်း၊ ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာရေးနှစ် ခြောက်လတာကာလတွင် သရက်မြို့နယ်အတွင်းရှိ ညောင်နီကျေးရွာ ကုန်ထုတ်လမ်း အရှည် နှစ်မိုင်၊ အကျယ် ၁၂ ပေ၊ အမြင့် ကိုးလက်မထု မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ကျပ် ၄၅ ဒသမ ၂၇ သန်းဖြင့် တင်ဒါအောင်မြင်သည့် သင်္ဂဟအောင်ကုမ္ပဏီမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ဒုတိယအပတ်မှစတင်ကာ တာဝန်ယူ ဖောက်လုပ်ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းတစ်ခုလုံး၏ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သရက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းဇော်ဟန်က ပြောပြ၍ သိရသည်။
အဆိုပါ လုပ်ငန်းပြီးစီးမှုအခြေအနေများကို သရက်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးနှင့် မြို့နယ်ဦးစီးမှူး ဦးမင်းဇော်ဟန်နှင့် ဝန်ထမ်းများက ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် အတူ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။
အဆိုပါ ညောင်နီကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးပါက ကျေးရွာရှိ အိမ်ခြေ ၉၅ အိမ်၊ လူဦးရေ ၃၆၈ ဦးတို့၏ စိုက်ပျိုးမြေဧက ၁၀၁ ကျော်ကို အကျိုးပြုနိုင်မှာဖြစ်ပြီး အဆိုပါ စိုက်ပျိုးမြေဧကများမှ ထွက်ရှိသော ထုတ်ကုန်၊ ထွက်ကုန်များအား ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ်သက်သာစွာဖြင့် အလွယ်တကူ သယ်ယူပို့ဆောင် နိုင်မှာဖြစ်ကြောင်း သိရသည်။
ကိုလှိုင်(ကျေးလက်)


