သရက် ဇူလိုင် ၂၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိရေး အတွက် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၁၃၈ ဒသမ ၆၈ သန်း ဖြင့် ကျေးရွာ ၁၀ ရွာ၌ သောက်သုံးရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သရက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေများ ဖူလုံစွာ ရရှိရေးအတွက် ဦးစာပေးဆောင်ရွက်လျက်ရှိရာ ယခုဘဏ္ဍာရေးနှစ်တွင် သရက်မြို့နယ်အတွင်း ကျေးရွာ ၁၀ ရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၁၃၈ ဒသမ ၆၈ သန်းဖြင့် စက်ရေတွင်းသစ် တူးဖော်ခြင်းလုပ်ငန်း သုံးခု၊ မြေသားရေကန်တိုးချဲ့ တူးဖော်ခြင်းလုပ်ငန်း လေးခု၊ မြစ်ရေတင်ခြင်းလုပ်ငန်း တစ်ခု၊ လက်တူးတွင်း တူးဖော်ခြင်းလုပ်ငန်းတစ်ခု၊ ရေပိုက်လိုင်းသွယ်တန်းခြင်းနှင့် ဂါလန် (၂၄၀၀)ဆံ့ အမြင့်တင်ရေစင် တည်ဆောက်ခြင်း လုပ်ငန်းတစ်ခုတို့ကို ဇန်နဝါရီလ ပထမအပတ်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သရက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးမင်းဇော်ဟန် က ပြောပြခဲ့သည်။
သောက်သုံးရေရရှိရေး ဆောင်ရွက်သည့် ကျေးရွာ(၁၀)ရွာမှာ ချင်းကုန်း၊ ဝက်သားစား၊ မြစကိုင်၊ မြောက်ဘော၊ ရွှေဟင်္သာကျွန်း၊ ညောင်ပင်သာ၊ ရေငယ်၊ ပိတောက်ပင်၊ လုံးထော်၊ ရင်ကြီးစသည့် ကျေးရွာများဖြစ်ပြီး အဆိုပါ ရေရှိရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာ ၁၀ ရွာရှိ အိမ်ခြေ (၉၅၄)၊ လူဦးရေ (၃၈၀၉)ဦးနှင့် ကျွဲ၊ နွား တိရစ္ဆာန်များအတွက် သောက်သုံးရေများ ဖူလုံစွာရရှိနေပြီဖြစ်ကြောင်း သိရသည်။
သန်းလွင်(မကွေး)


