သရက် မေ ၂၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သရက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်းရှိ မည်သည့် စီမံကိန်းမျှ မဆောင်ရွက်ရသေးသည့် ကျေးရွာများကို စီစစ်ရွေးချယ်ပြီး စီမံကိန်းလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ကျေးရွာများရွေးချယ်ပွဲများကို ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း သိရသည်။
“ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နှစ်စဉ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို တိုးချဲ့အကောင်အထည်ဖော်လျက်ရှိရာ ၂၀၂၂-၂၀၂၃ခုနှစ်တွင် သရက်မြို့နယ်အတွင်း၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးရွာ ၁ရွာ၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကျေးရွာ ၁၃ရွာနှင့် Cash For Work စီမံကိန်းကျေးရွာ ၃ရွာ စုစုပေါင်း ၁၇ ရွာ တို့တွင် စီမံကိန်းတစ်ခုချင်းအလိုက် သတ်မှတ်ထားသည့် စီမံကိန်းလုပ်ငန်းစဉ်များအတိုင်း ဆက်လက် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး အဆိုပါရွေးချယ်ထားသည့်ကျေးရွာများကိုလည်း မည်သည့်စီမံကိန်းမျှ ဆောင်ရွက်ခြင်းမရှိသည့် ကျေးရွာများကို ဦးစားပေး ရွေးချယ်ခဲ့ကြောင်း” မြို့နယ်ဦးစီးမှူး ဦးမင်းဇော်ဟန်က ပြောပြ သည်။
သရက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ရှိအကာင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများဖြစ်သော မြစိမ်းရောင်စီမံကိန်းကျေးရွာ ၅၁ရွာ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကျေးရွာ ၅၀ရွာ၊ Cash For Work စီမံကိန်းကျေးရွာ ၁၁ရွာတို့အား စုစုပေါင်း ကျေးရွာ ၁၁၂ရွာအား အကောင်အထည်ဖော်ခဲ့ပြီး ဖြစ်ပါကြောင်း သိရသည်။
ကိုလှိုင်