သရက် ၁၆ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် သရက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀ -၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၁၁၆ ဒသမ ၈ သန်း အသုံးပြုကာ ကျေးရွာ ၇ ရွာ၌ တွင်းနက်တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်း ၃ ခု၊ မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်း ၁ ခုနှင့် အခြားရေရရှိရေးလုပ်ငန်း ၃ ခုတို့အား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
သောက်သုံးရေရရှိရေးအတွက် ဆောင်ရွက်ရာတွင် ညောင်ပင်သာကျေးရွာ၌ အနက်ပေ ၅၀၀ ရှိ လေး လက်မ စက်ရေတွင်းတူးဖော်ခြင်း၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံ တည်ဆောက်ခြင်း၊ ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်း၊ ၀က်သားစားကျေးရွာ၌ အနက် ပေ ၆၀၀ ရှိ လေးလက်မစက်ရေတွင်းတူးဖော်ခြင်း၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံ တည်ဆောက်ခြင်း၊ ဂါလန်၅၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်း၊ မြစကိုင်းကျေးရွာ၌ အနက်ပေ ၅၀၀ ရှိ လေးလက်မစက်ရေတွင်းတူးဖော်ခြင်း၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံတည်ဆောက်ခြင်း၊ ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်း၊ ရေငယ်ကျေးရွာတွင် မြေသားရေကန်တူးဖော်ခြင်း၊ ချင်းကုန်း၊ မြောက်ဘော နှင့် ရွှေဟင်္သာကျွန်းကျေးရွာတို့တွင် အခြားရေရရှိရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းဇော်ဟန်က ပြောပြ၍ သိရသည်။
"လက်ရှိအချိန်တွင် အဆိုပါလုပ်ငန်းများအား ဆောင်ရွက်နိုင်ရေး တင်ဒါခေါ်ယူဆောင်ရွက်လျက်ရှိပြီး ၂၀၂၀-၂၀၂၁ခုဘဏ္ဍာရေးနှစ်မှာ ဆောင်ရွက်မည့် ရေရရှိရေးလုပ်ငန်းများ ပြီးစီးပါက အဲ့ဒီကျေးရွာ ၇ ရွာက အိမ်ခြေ ၄၅၁ အိမ်၊ လူဦးရေ ၁၈၂၆ ဦးနှင့် ကျွဲနွားတိရစ္ဆာန်များအတွက်ပါ အကျိုးပြုလာမည်ဖြစ်ကြောင်း၊ ကျေးလက်ဒေသများသန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဦးစားပေးဆောင်ရွက်နေပါကြောင်း၊ နွေရာသီကာလတွင် သောက်သုံးရေ ရှားပါးတဲ့ အခက်အခဲများမရှိစေရေးအတွက်လည်း လုပ်ငန်းစီမံချက်များလည်း ကြိုတင်ရေးဆွဲလျက်ရှိပါတယ်" ဟု မြို့နယ်ဦးစီးမှူး ဦးမင်းဇော်ဟန်က ဆက်လက်ပြောပြသည်။
သူရိန်(မင်းဘူး)


