သရက် မေ ၁၀
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် ကွင်းဆင်း၍ ကျွဲ၊ နွားများအား ကူးစက်ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ထုံးတောင်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ပေးသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် သရက်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆောင်ပြီး ဝန်ထမ်းများ၊ တိရစ္ဆာန်ကျန်းမာရေးလုပ်သားများနှင့်အတူ မွေးမြူရေး တောင်သူ ၆၁ ဦး မွေးမြူထားသည့် ကျွဲ၊ နွား စုစုပေါင်း ၁၉၆ ကောင်အား ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ကူးစက်ရောဂါများအကြောင်း အသိပညာပေးခြင်း၊ မေထုန်မဲ့သားစပ်ခြင်းနှင့် နို့စားနွားများ တိုးချဲ့မွေးမြူခြင်းကြောင့် ရရှိလာမည့် အကျိုးအမြတ်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


