သရက် ဇူလိုင် ၂၅
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် အောက်ဆီဂျင်စက်ဝယ်ယူနိုင်ရန် ဇူလိုင် ၂၄ ရက်နေ့အထိ အလှူရှင်များ စုပေါင်းလှူဒါန်းငွေကျပ် သိန်း (၄၂၀) ရရှိပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အောက်ဆီဂျင်စက် ဝယ်ယူနိုင်ရန်အတွက် သရက်မြို့ အကောက်တဲရပ်ကွက်နေ ဒေါက်တာနေဇော်လတ်နှင့် ဇနီး ဒေါ်မီမီအောင် (မင်းဆေးခန်း) မိသားစုတို့မှ မတည်အလှူငွေကျပ် သိန်း(၅၀)၊ ဦးညီကေးနှင့် ဒေါ်ဖွားရီမိသားစုမှ ငွေကျပ်သိန်း (၅၀)၊ ဦးမင်းစိန်နှင့် ဒေါ်အုံးခင်မိသားစုမှ ငွေကျပ် သိန်း(၅၀)၊ ဦးတင်အောင်မြင့်နှင့် ဒေါ်လဲ့လဲ့စိုး မိသားစုမှ အမေရိကန်ဒေါ်လာ (၁၀၀၀)၊ ဦးအေးဝင်းထွန်းနှင့် ဒေါ်ချောစုလတ် မိသားစုမှ ငွေကျပ် (၁၀)သိန်း၊ ခွဲစိတ်အထူးကု ဆရာဝန်ကြီးဒေါက်တာ သိန်းဌေးနှင့် မောင်နှမတစ်စုက ငွေကျပ်(၁၀)သိန်းနှင့် စေတနာရှင် အလှူရှင်များ၏ လှူဒါန်းငွေ စုစုပေါင်း ၄၁၅၈၉၀၀၀ ကို လက်ခံရရှိပြီး ဖြစ်သည်။
ကိုဗစ်-၁၉ တတိယလှိုင်းတွင် ကူးစက်မှုနှုန်းမြင့်မားမှုနှင့် ရောဂါပြင်းထန်မှုအပေါ်မူတည်ပြီး အောက်ဆီဂျင် လိုအပ်လာနိုင်၍ ပြည်သူ့ဆေးရုံကြီးတွင် သိန်း(၅၈၀) တန်ဖိုးရှိ အောက်ဆီဂျင်စက်ဝယ်ယူနိုင်ရန် ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ အဖွဲ့အစည်းများက အလှူငွေများပါဝင်လှူဒါန်းလျက်ရှိပြီး အမြန်ဆုံးဝယ်ယူတပ်ဆင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာညွန့်ရွှေအောင်ထံမှ သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)


