သရက်   ဇူလိုင်   

မကွေးတိုင်းဒေသကြီး သရက်မြို့အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိ  စစ်ဆေးခြင်းကို သရက်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များက ယနေ့ နံနက် ၁၀ နာရီတွင် လိုက်လံစစ်ဆေးခဲ့သည်။

မြို့နယ်စည်ပင်သာယာရေးနယ်နမိတ်အတွင်း ဖွင့်လှစ်ရောင်းချနေသည့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြီး ပါဆယ်စနစ်(Take away)  ဖြင့်သာ ရောင်းချရန် အသိပညာပေးမှာကြားသည်။

သရက်မြို့နယ်အတွင်း လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၄၇)ဦးရှိပြီး ရောဂါ ဆက်လက်မပြန့်ပွားစေရေးအတွက် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရေး မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အသိပညာပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇော်ထက်(သရက်)