သရက်၊ ၁၀ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆေးဆိုင်များအား ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ သရက်ခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ရေးကော်မတီဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဆေးဆိုင်များတွင် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် သက်တမ်းလွန်ဆေးဝါးများအား မီးရှို့ဖျက်ဆီးခြင်းကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီက ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ဆေးဝါးအတုနှင့် ဘေးဉပါဒ်ဖြစ်စေနိုင်သည့်ပစ္စည်းများဖြင့် ဖော်စပ်ထားသော ဆေးဝါးများရောင်းချခြင်း၊ ဆေးဝါးရောင်းချခွင့်လိုင်စင်၊ ဆေးရောင်းချသည့်နေရာ အကျယ်အဝန်း၊ အလင်းရောင် နှင့် လေဝင်လေထွက်၊ တိရစ္ဆာန်/ပိုးကောင်များ ဝင်ရောက်နိုင်ခြင်း၊ သန့်ရှင်းမှု၊ ဆေးရောင်းချမှုကို တာဝန်ယူကြီးကြပ်ဆောင်ရွက်သူ၊ ဆေးဝါးလက်ခံသိုလှောင် ရောင်းချခြင်း ဆောင်ရွက်မှုသည် ဆေးဝါးအာနိသင်ပျက်စီးမှု၊ အရည်အသွေးပျက်စီးခြင်းတို့မှ ကာကွယ် နိုင်ခြင်း၊ ကာကွယ်ဆေး၊ သွေးမှ ထုတ်လုပ်သောဆေး၊ ဟော်မုန်းဆေး များအား ရေခဲသေတ္တာထဲတွင်သာ ထားသိုရောင်းဝယ်ခြင်း၊ တိရစ္ဆာန်သုံးဆေးဝါးနှင့် လူသုံးဆေးဝါးများကို သီးခြားဆိုင်ခွဲ၍ ရောင်းချခြင်း၊ လုပ်ငန်းနှင့် သက်ဆိုင်သော စာရွက်စာတမ်းများ ရှိ/မရှိနှင့် လုပ်ငန်းလိုင်စင်ကို မြင်သာသောနေရာတွင် ချိတ်ဆွဲထားခြင်း ရှိ/ မရှိတို့ကို စစ်ဆေးခဲ့သည်။
ဆက်လက်၍ ဈေးဆိုင်များမှ အပ်နှံထားသည့် သက်တမ်းလွန်ဆေးဝါးများကို ကော်မတီ အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သရက်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှူးရုံးမှ သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)


