ကန့်ဘလူ  ၂၈   ဇွန်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ကန့်ဘလူ သရက်ဥယျာဉ်ခြံမှ  သရက်ပင်များ အသီးခူးဆွတ်ပြီးနောက်ပိုင်း  ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အဆိုပါ ဥယျာဉ်ခြံ၌  တာဝန်ခံ ဦးသန်းထွန်းဦးက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

 

“ကန့်ဘလူ ဥယျာဉ်ခြံကို စိုက်ပျိုးရေးဦးစီးဌာနရဲ့ ရည်မှန်းချက်များကို အခြေခံပြီး ရည်ရွယ်ချက်သုံးရပ်နဲ့ စီမံဆောင်ရွက်လျက် ရှိပါတယ်။ သရက်သီးနှံ(အဓိက စိန်တလုံးသရက်) စိုက်ပျိုးတဲ့ နည်းစနစ်တွေ တောင်သူတွေကို ပညာပေးဖို့ဖြစ်ပါတယ်။ သုတေသနလုပ်ငန်းတွေ ဆောင်ရွက်ပြီး တောင်သူတွေကို အကျိုးပြုဖို့ ဖြစ်ပါတယ် ” ဟု  တာဝန်ခံ ဦးစီးအရာရှိ ဦးသန်းထွန်းဦးက ပြောသည်။

 

သရက်ပင်များသည် အသီးခူးဆွတ်ပြီးနောက်ပိုင်းမှာ ရပ်နားချိန်တစ်လရှိပြီး  ယင်းအချိန်တွင်  မလိုလားသည့် ကိုင်းများကို ဖြတ်တောက်ကာ  ပုံသွင်းပြုပြင်ပေးရသည်။ ထိုသို့ ကိုင်းဖြတ်ပြီးလျှင်ပြီးချင်း အစာကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရသည်။ တစ်နှစ်တွင် နှစ်ကြိမ်ကျွေးရပြီး ပထမအကြိမ်တွင် မိုးဦးကျ အသီးများခူးဆွတ်ပြီး ကိုင်းဖြတ်ပြီးချိန် တစ်ကီလိုဂရမ်ကျွေးရပြီး ဒုတိယအကြိမ်ကို မိုးနှောင်းပိုင်းမှာကျွေးရခြင်းဖြစ်သည်။

 

ပထမအကြိမ် အစားကျွေးသည့်အခါ သရက်ပင်၏ တောင်မြောက် ရွက်အုပ်ဧရိယာအောက် တည့်တည့် အပင်ခြေမှ နှစ်ပေခွဲ သုံးပေခန့်အကွာတွင် အလျား လေးပေ၊ အနက် ကိုးလက်မ ကျင်းတူးပြီး မြေဩဇာထည့်ပြီး မြေဩဇာလုံအောင် ပြန်ဖုံးပေးရသည်။

 

ဒုတိယအကြိမ်တွင်မူ အစာကျွေးခြင်းကို သရက်ပင်၏ ရှေ့နောက်၌ ကျင်းတူးကာ ပထမအကြိမ်အတိုင်း ဆောင်ရွက်ရသည်။ ထိုသို့ အပင်ကိုင်းဖြတ်ပြုပြင်ပြီး မြေဩဇာကျွေးပြီးနောက် သုံးပတ်ခန့်အကြာမှာ အပင်တိုင်းမှ ရွက်နုများ တစ်ပြိုင်တည်း စုံစုံညီညီဖြင့် ထွက်ရှိလာမည်ဖြစ်ကြောင်း ဦးသန်းထွန်းဦးက ပြောသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)