ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၆၀၁ ဒသမ ၆)ဧကရှိသော နယ်မြေကို “သရက်တောင်ကြီးဒီရေတော ကြိုးပြင်ကာကွယ်တော”အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၄၇/၂၀၂၄)အရ ၁၃၈၆ ခုနှစ်၊ နယုန်လဆန်း ၁ ရက် (၂၀၂၄ ခုနှစ်၊ ဇွန်လ ၇ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝစေရန်၊ လှိုင်းဒဏ်/ လေမုန်တိုင်းဒဏ် ခံစားရမှုများအား သဘာဝတံတိုင်းကြီးများသဖွယ် ကာကွယ်ရန်၊ ဒေသခံပြည်သူများအတွက် သား၊ ငါး၊ ကဏန်း၊ ပုစွန် စသော ရေသယံဇာတများ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန်နှင့် ဒီရေတောဂေဟစနစ် စီမံအုပ်ချုပ်မှု ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ ဒီရေတောကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများ ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်သည်။
သရက်တောင်ကြီးဒီရေတော ကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းဖြင့် ဒီရေတောအဓိက သစ်မျိုးများဖြစ်သည့် ဗြူးခြေထောက်၊ ဗြူးအုပ်ဆောင်း၊ ကနစို၊ သမဲ့ကြီး၊ ကျန၊ ပင်လယ်အုန်း စသည့် သစ်မျိုးများနှင့် သရော၊ သမဲ့ဖြူနှင့် ဓနိပင် စသည့် ဒေသမျိုးရင်း ဒီရေတောသစ်မျိုးများအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ဗျိုင်း၊ ကြက်တူရွေး၊ သိန်း၊ ရေကျီးကန်း စသည့် ငှက်မျိုးများ၏ နေရင်းဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ သား၊ ငါး၊ ကဏန်း၊ ပုစွန်များ ရှင်သန်ပေါက်ဖွားရာ ဂေဟစနစ် ပိုမိုကောင်းမွန်လာစေခြင်း၊ ဒီရေတောများသည် အဏ္ဏဝါဂေဟစနစ်ကို တည်ငြိမ်မှုအတွက် အရေးပါသည့် ဂေဟစနစ်တစ်ခုဖြစ်ခြင်းနှင့် သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။


