မန္တလေး  ၂ အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ သရဲဆက်ကျေးရွာအုပ်စု၊ သရဖူ(သရဲဆက်) လယ်ယာနှင့် အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်း၏ အသင်းပိုင်ငွေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေသည့် ကာလအတွင်း အသင်းသားများ၏စားဝတ်နေရေး အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ ဆန်နှင့်ဆီ ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့ နံနက် ၈ နာရီက အဆိုပါအသင်းရုံး၌ ပြုလုပ်ခဲ့သည်။

 

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် အသင်းသားတစ်ဦးလျှင် ဆန်(၆)ပြည်၊ ဆီ (၅၀)သားနှုန်းဖြင့် အသင်းသား (၁၉၂)ဦးအတွက် စုစုပေါင်း ဆန် (၃၂)ပိုင်း၊ ဆီ (၆၄)ပိဿာတို့ကို အသင်းသားများ၏ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ပြီး အသင်းသားတစ်ဦးလျှင် ငွေကျပ် ၁၁၁၀၀၀ ကျပ်နှုန်းဖြင့် အသင်းသား (၁၂၇)ဦးအား စုစုပေါင်း သိန်း(၁၄၀)ကျော် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 

အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးခင်မောင်မြင့်နှင့် ဝန်ထမ်းများ၊ သရဖူ (သရဲဆက်) လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း အမှုဆောင်တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျေးရွာအရောက်ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မင်းထက်အောင် (မန်းကိုယ်ပွား)