ရန်ကုန် ၂၀ ဖေဖော်ဝါရီ


မြန်မာ့ရုပ်ရှင်လောကတွင် မျက်နှာသစ် သရုပ်ဆောင်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်ဖြင့် ဝါရင့်အနုပညာရှင်ကြီးများ ကိုယ်တိုင်သင်ကြားပေးနေသော Laurel Art Academy ရုပ်ရှင်အနုပညာသင်ကျောင်းက ဖွင့်လှစ်ခဲ့သည့် ပညာဒါန သရုပ်ဆောင်သင်တန်း အပတ်စဉ်(၅) သင်တန်းဆင်းပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ Laurel Art Academy Studio ခန်းမ၌ ဖေဖော်ဝါရီ ၁၇ ရက်က ကျင်းပခဲ့သည်။


“ကျွန်တော်တို့ ၂၀၁၂ ဖေဖော်ဝါရီလတုန်းက ပထမဆုံး သင်တန်းနဲ့ ဒုတိယအကြိမ် သင်တန်းတွေတုန်းကတော့ ပိုက်ဆံယူပြီး သင်ကြားခဲ့တယ်။ ပိုက်ဆံနဲ့သင်ကြားချိန်မှာ ကလေးတွေက မာန်လေးတွေရှိလာတယ်။ နောက် ချို့တဲ့တဲ့ ကလေးတွေက မတက်နိုင်ကြဘူး။ ဒါကြောင့် ပိုက်ဆံမတတ်နိုင်သူလည်း တက်ရအောင်လို့ရော၊ ဖြစ်ချင်တော့ ဆရာလည်း တိုက်တိုက်ဆိုင်ဆိုင် စည်သူဘွဲ့ရတော့ တပည့်ဖြစ်တဲ့ ရန်အောင်ထွန်းနဲ့ သီတာလင်းတို့က စည်သူဘွဲ့ကို ဂုဏ်ပြုတဲ့အနေနဲ့ရော၊ ကျန်းမာရေးသိပ်မကောင်းတဲ့အတွက်ရော ပညာဒါန လုပ်ဖြစ်ခဲ့တယ်။ အဲဒီကနေ ဆင်းရဲနွမ်းပါးတဲ့ကလေးတွေကို တတ်နိုင်သမျှ ဦးစားပေးပြီး သင်ကြားပေးခဲ့တာ ငါးကြိမ်မြောက် ရောက်ရှိပါပြီ။ ဆရာတွေအနေနဲ့ ဝါရင့်ဆရာတွေကို ထိုက်သင့်တဲ့ ဉာဏ်ပူဇော်ခတွေ ပေးပြီးတော့ သင်ပါတယ်။ ဆရာတွေကလည်း အချင်းချင်း တတ်အားသရွေ့ ကူညီပြီးတော့ သင်ကြားပေးပါတယ်။ သင်တန်းဆင်းတွေကလည်း အသီးသီး ထူးချွန်တဲ့နေရာလေးတွေကို ရောက်သွားကြလို့ ပီတိဖြစ်ရပါတယ်” ဟု Laurel Art Academy မှ ကျောင်းအုပ်ကြီး အကယ်ဒမီ စည်သူကြည်စိုးထွန်းက ပြောသည်။


သင်တန်းဆင်းပွဲတွင် ကျောင်းအုပ်ကြီးနှင့်အတူ ဒါရိုက်တာ သီတာလင်းနှင့် အကယ်ဒမီ ဆွေဇင်ထိုက်တို့ကလည်း မုဒိတာစကားများ ပြောကြားခဲ့ပြီး ပညာဒါန သရုပ်ဆောင်သင်တန်း အပတ်စဉ်(၅)မှ သင်တန်းဆင်းသူ ၄၀ ကျော်က တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေခဲ့ကြပြီးနောက် ကျောင်းအုပ်ကြီးက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
ကိုလင်း