သိပ္ပံစာရေးဆရာကိုကိုအောင်

၁၉၇၀ ပြည့်နှစ်ဝန်းကျင်က ဟောလိဝုဒ်မှ ရိုက်ကူးထုတ်လုပ်ခဲ့သော  Kiss The Girls and Make Them Die  ဟု အမည်ပေးထား သည့် လှုပ်ရှားမှုအသားပေး လျှို့ဝှက်သည်းဖို ရုပ်ရှင်ဇာတ်ကားသည် ကမ္ဘာတစ်လွှား ရုံတင်ပြသခဲ့ပြီးနောက် ရုပ်ရှင်ပရိသတ် တို့အကြား အလွန်ရေပန်းစားခဲ့သည်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင် မင်းသားနှင့် မင်းသမီးတို့က ရန်သူ့နယ်မြေ အတွင်းမှ မော်တော်ကားတစ်စီးဖြင့် ထွက်ပြေးလာကြသော အခန်းသည် ဇာတ်လမ်း၏ အထွတ်အထိပ်ဖြစ်သလို စိတ်လှုပ်ရှားဖွယ် အကောင်းဆုံးပြကွက်များလည်း ဖြစ်သည်။

ထိုဇာတ်ဝင်ခန်းတွင် သရုပ်ဆောင်မင်းသား၊ သရုပ်ဆောင် မင်းသမီးနှင့် ယာဉ်မောင်းသူတို့သုံးဦး မောင်းနှင်ထွက်ပြေးလာသော မော်တော်ကားသည် နောက်က လူဆိုးအဖွဲ့ လိုက်ပါစီးနင်းလာကြသည့် မော်တော်ကားများ၏ လိုက်လံပစ်ခတ် ဖမ်းဆီးမှုမှ လွတ်မြောက်နိုင်ရန် တောင်ဆင်းလမ်းတစ်လျှောက် အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်လာခဲ့ကြသည်။

ထိုစဉ်အတွင်း နောက်မှလိုက်လာကြသော လူဆိုးအဖွဲ့ ခေါင်းဆောင်က တောင်ခြေမြို့လေးရှိ ကျန်လူဆိုး အဖွဲ့ဝင်များထံ အဝေးစကားပြောစက်ဖြင့် လှမ်း၍ အကြောင်းကြားလိုက်ရာ တောင်ခြေရှိ လူဆိုးအဖွဲ့များကလည်း မော်တော်ကားများဖြင့် တောင်တက်လမ်းအတိုင်း တစ်ရှိန်ထိုး မောင်းတက်လာကြတော့သည်။ ထိုသို့ တောင်ပေါ်နှင့် တောင်အောက်တို့မှ နှစ်ဖက်ညှပ်၍ လူဆိုးအဖွဲ့များ မောင်းနှင်လာနေကြသည်ကို သရုပ်ဆောင်မင်းသား၊ မင်းသမီးတို့၏ ကားအတွင်း၌ တပ်ဆင်ထားသော စက်ကိရိယာ အကူအညီဖြင့် မင်းသားနှင့် မင်းသမီးတို့က ကြိုတင်သိရှိနေကြသည်။

သို့ရာတွင် တောင်တက် တောင်ဆင်း မော်တော်ကားလမ်းသည် တစ်လမ်းတည်းသာရှိပြီး လမ်းခွဲများ လုံးဝမရှိသလို ဘေးပတ်ပတ်လည်ရှိ တောင်စောင်းချောက်ကမ်းပါးများ ပေါ်၌လည်း သစ်ပင်သစ်တောများ ထူထပ်စွာ ပေါက်ရောက်လျက် ရှိနေကြသဖြင့် ရှောင်တိမ်းလွတ်မြောက်နိုင်မည့် နည်းလမ်းကို စဉ်းစား၍မရဘဲ အကြံအိုက်လျက် ထိတ်လန့်တုန်လှုပ် နေကြသည်။

နည်းပညာများ
ထိုအချိန်တွင် ကားမောင်းသူက တောင်ဆင်းလမ်းကွေ့ မြက်ခင်းထူထူပေါ်သို့ ကားလမ်းနှင့်ယှဉ်လျက် မျဉ်းပြိုင်ပြု၍ ရုတ်တရက် ထိုးရပ်လိုက်သည်။ ထို့နောက် စတီယာရင်ဘေးရှိ ခလုတ်တစ်ခုကို နှိပ်လိုက်သည့်အခါ မော်တော်ကား၏ ဝမ်းဗိုက်အောက်မှ ထောက်လေးချောင်း ထွက်လာပြီး မော်တော်ကားတစ်စီးလုံးကို လေးပေခန့်မြင့်အောင် ပင့်တင်ပေးလိုက်ရာ မော်တော်ကားသည် လေးပေမြင့်သော စင်ပေါ်၌ တင်ထားသကဲ့သို့ ဖြစ်သွားသည်။

ဤတွင် ယာဉ်မောင်းသူက စတီယာရင်ဘေးရှိ ဒုတိယ ခလုတ်ကို ထပ်မံ၍ နှိပ်လိုက်ရာ ကား၏ရှေ့ဘီးနှင့် နောက်ဘီးအကြား ဝမ်းဗိုက်အောက်မှ ဖိုက်ဘာအချပ်ကြီး ထွက်လာပြီး ထိုဖိုက်ဘာအချပ်သည် ကား၏ လက်ဝဲဘက်အခြမ်းနှင့် ယှဉ်လျက် ၉၀ ဒီဂရီ ထောင်မတ်သွားသည်။ ထိုမှတစ်ဆင့် ပင်မဖိုက်ဘာ အချပ်ကြီးမှ ဝဲယာနှစ်ဖက်သို့ ဖိုက်ဘာအချပ် နှစ်ခု ထပ်မံထွက်လာပြီး မော်တော်ကားတစ်စီးလုံးကို လုံးဝမမြင်ရအောင် ကာရံပေးထားလိုက်တော့သည်။ 

ထိုဖိုက်ဘာအချပ် သုံးချပ်စလုံး၏ အပေါ်တွင် လူသုံးကုန် ပစ္စည်းကြော်ငြာကို ကြိုတင်ကပ်ထားပြီး ဖြစ်သည့်အတွက် လမ်းပေါ် ဖြတ်သန်းမောင်းနှင်သွားမည့် ကားများပေါ်မှ လူများက တောင်ဆင်းလမ်းဘေး၌ လူသုံးကုန်ပစ္စည်း ကြော်ငြာဆိုင်းဘုတ်ကြီး တစ်ခုထောင်ထားသကဲ့သို့သာ မြင်တွေ့နိုင်ကြရာ ကြော်ငြာဘုတ်၏ နောက်ကွယ်၌ သရုပ်ဆောင် မင်းသား၊ မင်းသမီးနှင့် ယာဉ်မောင်းသူတို့ သုံးဦး ထိုင်နေသော ဆလွန်းကားကို မြင်တွေ့နိုင်ခြင်း မရှိတော့ပေ။

ထိုအချိန်တွင် တောင်ပေါ်မှ ဆင်းလာသော လူဆိုးအဖွဲ့၏ ကားများက ထိုဆိုင်းဘုတ်ကြီးကို ကျော်လွန်သွားပြီး တစ်ဟုန်ထိုး ဆက်လက် မောင်းနှင်သွားခဲ့ရာ လမ်းခုလတ်တွင် တောင်အောက်မှ တက်လာသော လူဆိုးအဖွဲ့ ကားများနှင့် ဆုံမိကြပြီးနောက် လူဆိုးအဖွဲ့ အားလုံးသည် တောင်ပေါ်လမ်းကို ပြန်တက်မလာကြတော့ဘဲ တောင်အောက်သို့ ဆက်လက်မောင်းနှင် သွားကြတော့သည်။

ဤသို့အားဖြင့် သရုပ်ဆောင် မင်းသား၊ မင်းသမီးနှင့် ယာဉ်မောင်းသူတို့ အသက်ဘေးမှ လွတ်မြောက်သွားခဲ့ကြပုံကို တီထွင် ဆန်းသစ်မှုများဖြင့် အချိတ်အဆက်မိမိ၊ လှလှပပ ရိုက်ကူးတင်ဆက်သွားခဲ့သည်။ ထိုဇာတ်ဝင်ခန်းသည် အဆိုပါ ဇာတ်ကားကို နာမည်ကျော်ကြား ရေပန်းစားစေခဲ့သော အနုပညာ ဖန်တီးချက်တစ်ရပ်ပင် ဖြစ်သည်။ ထိုသို့သော ရုပ်ရှင်အနုပညာဆိုင်ရာ ဖန်တီးချက်များအတွက် စက်မှုနှင့် အီလက်ထရွန်နစ် နည်းပညာရှင်များက နောက်ကွယ်မှနေ၍ ပံ့ပိုး ဆောင်ရွက်ပေးခဲ့ကြရသည်။

မော်တော်ကား မောင်းနှင်သော ဇာတ်ဝင်ခန်း
ကမ္ဘာ့နိုင်ငံ အသီးသီးတို့၌ ရုံတင်ပြသခဲ့သော ရုပ်ရှင်ဇာတ်ကား အများစုထဲတွင် မော်တော်ကား မောင်းနှင်သော ဇာတ်ဝင် ခန်းများသည် အကြောင်းတစ်နည်းနည်းဖြင့် ပါဝင်ကြစမြဲ ဖြစ်သည်။ ဆလွန်းကား၊ ပစ်ကပ်ကား၊ ဗင်ကား၊ ဝက်ဂွန်ကား၊ ဘတ်စ်ကား၊ ထရပ်ကား စသည့် ပုံစံကွဲပြားခြားနားကြသော မော်တော်ကားများသည် ရုပ်ရှင်ဇာတ်ဝင်ခန်းများထဲတွင် မပါလျှင်မပြီးသော အထောက်အကူပြုယာဉ်များ ဖြစ်ကြသည်။

ထိုမျှမက ခရီးလမ်းကြမ်းများ၌ မောင်းနှင်နိုင်သည့် OffRoad ကားများနှင့် ပြိုင်ကားများသည်လည်း အချို့သော ဇာတ်လမ်း ဇာတ်ကွက်များ၏ အဓိကကျသည့်နေရာ၌ ပါဝင်အသုံးတော်ခံခဲ့ကြသည်။ ထူးထူးဆန်းဆန်းဖြင့်လည်း ကုန်းရေ နှစ်ထွေသွား မော်တော်ကားများနှင့် လေထဲ၌ပျံဝဲနိုင်သည့် ကားပျံများကို ရုပ်ရှင်ဇာတ်လမ်းများထဲတွင် ထည့်သွင်းရိုက်ကူးခဲ့သည်များလည်း ရှိခဲ့ဖူးသည်။

ရုပ်ရှင်ဇာတ်ကား ဟူသည်မှာ ဝတ္ထု ရေးသားသူ၊ ဇာတ်ညွှန်း ပြုစုသူ၊ စီစဉ်ညွှန်ကြားသူ၊ သရုပ်ဆောင်များ၊ ရိုက်ကူးရေး လုပ်သားနှင့် စက်ကိရိယာတို့ ဟန်ချက်ညီညီ ပူးပေါင်းစီစဉ် ဖန်တီးရသည့် အနုပညာ ထုတ်လုပ်မှုတစ်ခု ဖြစ်သည်။ ရုပ်ရှင် ဇာတ်လမ်း၏ သဘောသဘာဝအရ ပါဝင်သရုပ်ဆောင်သူတို့ တစ်နေရာမှ တစ်နေရာသို့ သွားလာသည့် ဇာတ်ဝင်ခန်းများတွင် ပုံစံမတူသော မော်တော်ကား အမျိုးမျိုးတို့က သူ့အခန်းနှင့်သူ အံဝင်ခွင်ကျ ပါဝင်အသုံးတော်ခံကြရလေ့ ရှိသည်။

သို့ရာတွင် အချို့သော ရုပ်ရှင်ဇာတ်ကားများကမူ အထက်ဖော်ပြပါ Kiss The Girls and Make Them Die ဇာတ်ကားမှာကဲ့သို့ မော်တော်ကားတစ်စီး၏ စွမ်းရည်ကို အပြည့်အဝ အသုံးချပြီး စွန့်စားခန်းများကို အသားပေး ရိုက်ကူးတင်ဆက်လေ့ရှိကြရာ ထိုသို့သော ဇာတ်လမ်း ဇာတ်အိမ်မျိုးအတွက် ရုပ်ရှင်ထုတ်လုပ်သူတို့၏ လိုအပ်ချက်နှင့်အညီ မော်တော်ကားထုတ်လုပ်သည့် ကုမ္ပဏီများက သီးသန့်ကားပုံစံများကို ထုတ်လုပ်ပေးကြရသည်။

သာဓကအားဖြင့် Taxi  ရုပ်ရှင်ဇာတ်လမ်းထဲတွင် ကားစွန့်စားခန်း ဇာတ်လမ်းဇာတ်ကွက်များ၌ ပါဝင်အစွမ်းပြ အသုံးတော်ခံနိုင်ရန် ပြင်သစ်နိုင်ငံအခြေစိုက် PEUGEOT  ကားကုမ္ပဏီက ဆလွန်းကားတစ်စီးကို သီးသန့်တီထွင် ထုတ်လုပ်ပေးခဲ့သည်။ ၂၀ဝ၁ ခုနှစ်ထုတ် PEUGEOT အမှတ်တံဆိပ် အဖြူရောင် ဆလွန်းကား၏ ညာဘက် ရှေ့တံခါးအောက်ခံပေါင်နှင့် ပူးတွဲလျက် လေယာဉ် တောင်ပံငယ်ပုံစံ အပြားတစ်ခုကို ကားထုတ်လုပ်သူတို့က ဖန်တီးတပ်ဆင်ပေးခဲ့သည်။ ထိုတောင်ပံပြားပေါ်တွင် လူတစ်ဦး ကောင်းစွာ မတ်တတ်ရပ်နိုင်သည်အထိ ခိုင်ခံ့တောင့်တင်းအောင် တပ်ဆင်ထုတ်လုပ်ပေးခဲ့သည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားမှာ အောင်မြင်ကျော်ကြားသော ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်ခဲ့သလို ထိုဇာတ်ကား၏ စွန့်စား ခန်းများထဲ၌ ပါဝင်အသုံးတော်ခံခဲ့သော ဆလွန်းကားကလေးကိုလည်း ပြင်သစ်နိုင်ငံရှိ ကမ္ဘာကျော် PEUGEOT Museum ထဲတွင် ယနေ့ထိတိုင် ပြသထားလျက်ရှိသည်။

ထည့်သွင်းအသုံးတော်ခံခဲ့
အလားတူပင် ၁၉၆၄ ခုနှစ်က ရိုက်ကူးခဲ့ပြီး မင်းသားကြီး ရှောင်ကွန်နရီက ဂျိမ်းစ်ဘွန်း ဝဝ၇ အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သော ကမ္ဘာကျော် Goldfinger ဇာတ်ကားထဲ၌ ဂျိမ်းစ်ဘွန်း၏ စီးတော်ယာဉ်နေရာတွင် Aston Martin DB5 ပြိုင်ကားကို ထည့်သွင်း အသုံးတော်ခံခဲ့သည်။

Aston Martin  ကားကုမ္ပဏီသည် အဆိုပါ ရုပ်ရှင်ဇာတ်ကားအတွက်  DB5 ပြိုင်ကား နှစ်စီးတည်းကိုသာ သီးသန့်ထုတ်လုပ် ပေးခဲ့ပြီး ထိုနှစ်စီးအနက် Goldfinger ရုပ်ရှင်ဇာတ်ကား၌ အသုံးတော်ခံခဲ့သောတစ်စီးကို ဘဏ်လုပ်ငန်းရှင်ကြီး တစ်ဦး၏ ကိုယ်ပိုင်ပြတိုက်ထဲ၌ ယနေ့ထိတိုင် ထိန်းသိမ်းပြသထားဆဲ ဖြစ်သည်။

ကြေးစား မော်တော်ကားခိုးသူများ၏ ဘဝကို ထင်ဟပ်ရိုက်ကူးထားသော Gone in 60 Seconds  ဇာတ်ကားထဲတွင်လည်း အဓိက ဇာတ်ဝင်ခန်းများ၌ Shelby Mustang GT 500 ပြိုင်ကားကို ထည့်သွင်း အသုံးတော်ခံခဲ့သည်။ ထိုဇာတ်ကား၏ အဓိက သရုပ်ဆောင်မှာ နီကိုးလပ်စ်ကေ့ချ်ဖြစ်ပြီး ဇာတ်ဆောင်မင်းသားနှင့်အတူ ပါဝင်အသုံးတော်ခံခဲ့သည့် GT 500 ပြိုင်ကားကို မြင်းကောင်ရေ ၄၀ဝ စွမ်းအားရှိသည့် အင်ဂျင်တပ်ဆင်ပေးခဲ့သည်။

ရုပ်ရှင်ဇာတ်ကားများထဲတွင် ခေတ်လွန် သိပ္ပံဇာတ်လမ်းများလည်း အများအပြား ရှိခဲ့သည်။ ၁၉၈၀ ပြည့်လွန်နှစ်များ အတွင်းက ရိုက်ကူးတင်ဆက်ခဲ့သော Back to the Future ဇာတ်လမ်းထဲတွင် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကာလများဆီသို့ လိုသလို ခရီးနှင်နိုင်သော ခေတ်မီ သိပ္ပံပစ္စည်းကိရိယာများ တပ်ဆင်ထားသည့် ခရီးလမ်းကြမ်းသွား မော်တော်ကား အဖြစ်   Delorean DMC -12 Off - Road ကားက ပါဝင်အသုံးတော်ခံခဲ့သည်။ မော်တော်ကားထုတ်လုပ်သည့် ကုမ္ပဏီသည် အဆိုပါ ရုပ်ရှင်ဇာတ်ကား အတွက်  DMC – 12 မော်တော်ကား ခုနစ်စီးတည်းကိုသာ သီးသန့်တီထွင် ထုတ်လုပ်ပေးခဲ့သည်။

၁၉၇၁ ခုနှစ်က ရိုက်ကူးထုတ်လုပ်ခဲ့သော Le Mans ရုပ်ရှင်ဇာတ်ကားထဲ၌လည်း Porsche 911S ပြိုင်ကားကို ပါဝင် အသုံးတော် ခံစေခဲ့သည်။ ထိုရုပ်ရှင်ဇာတ်ကား၏ ဇာတ်ဝင်ခန်း အတော်များများတွင် ပါဝင်အစွမ်းပြခဲ့သော Porsche 911S ပြိုင်ကားကိုမူ မော်တော်ကား ထုတ်လုပ်သည့် ကုမ္ပဏီက သီးသန့်ထုတ်လုပ်ပေးခဲ့ခြင်း မဟုတ်ဘဲ အများပြည်သူကို ရောင်းချသည့် မော်တော်ကားပုံစံကိုသာလျှင် ရုပ်ရှင်ဇာတ်လမ်းထဲ၌ ထည့်သွင်းရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

Le Mans ရုပ်ရှင်ဇာတ်ကားထဲ၌ ပါဝင် အသုံးတော်ခံခဲ့သော Porsche အမှတ်တံဆိပ် မော်တော်ကားကို ထိုဇာတ်ကား၏ အဓိကသရုပ်ဆောင် စတိဗ်မက်ကွင်းက ဆယ်စုနှစ်ပေါင်းများစွာ ဝယ်ယူထိန်းသိမ်းထားခဲ့ပြီးနောက် လွန်ခဲ့သော လေးနှစ်ခန့်က လေလံပွဲတစ်ခုတွင် လေလံတင် ရောင်းချခဲ့သည်။

ရှေးအလွန်ကျသည့် မော်တော်ကား
ယနေ့ခေတ်ပေါ် မော်တော်ကားများကဲ့သို့ပင် ရှေးအလွန် ကျသည့် မော်တော်ကား အချို့ကလည်း ရုပ်ရှင်ဇာတ်ကားများထဲ၌ ပါဝင် အသုံးတော်ခံခဲ့ဖူးကြသည်။ က္ဘာ့နာမည်ကျော် ရုပ်ရှင်မင်းသား အဲလ်ဗစ် ပရက်စလေ ပါဝင်သရုပ်ဆောင်ပြီး ၁၉၆၆ ခုနှစ်က ရိုက်ကူးထုတ်လုပ်ခဲ့သည့် Spinou ရုပ်ရှင်ဇာတ်ကားထဲတွင် ပရက်စလေ၏ စီးတော်ယာဉ်အဖြစ် ၁၉၂၉ ခုနှစ်က ထုတ်လုပ်ခဲ့ သော  Duesenberg အမိုးပွင့် မော်တော်ကားကလေးကို ဇာတ်ကားထဲ၌ ထည့်သွင်းရိုက်ကူးခဲ့သည်။

ထိုဇာတ်ကား ရိုက်ကူးချိန်တွင်  Duesenberg အမိုးပွင့် ကားကလေး၏ သက်တမ်းမှာ ၃၇ နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည့်တိုင် ယာဉ်ကိုယ်ထည်မှစ၍ အင်ဂျင်နှင့်တကွ စက်အစိတ်အပိုင်းများ အားလုံးသည် ကြံ့ခိုင်မှုအပြည့်အဝရှိနေဆဲပင် ဖြစ်သည်။ ရုပ်ရှင်ထဲတွင် ကမ္ဘာ့နာမည်ကျော် မင်းသားနှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သော Duesenberg အမိုးပွင့် မော်တော်ကားကလေးကို လွန်ခဲ့သော သုံးနှစ်ကျော်က လေလံတင်ရောင်းချခဲ့ရာ ယူရိုငွေ တစ်သန်းကျော်အထိပင် ဈေးရရှိခဲ့သည်။

ရုပ်ရှင်သရုပ်ဆောင် မင်းသား မင်းသမီးတို့မှာ အသက်အရွယ်ကြီး ရင့်လာသည်နှင့်အမျှ ကျော်ကြားမှုအရှိန်အဝါ လျော့ကျသွားပြီး အနုပညာကြေး ဝင်ငွေများလည်း သိသိသာသာ လျော့နည်းလာကြသည်မှာ ဓမ္မတာပင် ဖြစ်သည်။ သို့ရာတွင် သရုပ်ဆောင် မင်းသား မင်းသမီးတို့နှင့်အတူ ပူးတွဲပါဝင် သရုပ်ဆောင်ခဲ့ကြသော မော်တော်ကားကလေးများကမူ နှစ်ပရိစ္ဆေဒ ကြာညောင်း လာသည်နှင့်အမျှ ဂုဏ်သိန် အရှိန်အဝါ ပိုမိုကြီးမားလာသလို တန်ဖိုးများကလည်း အဆမတန် မြင့်တက်လာကြတော့သည်။

ဤသည်မှာကား ရုပ်ရှင်သရုပ်ဆောင်ချင်း တူစေကာမူ သက်ရှိဖြစ်သော မင်းသား မင်းသမီးတို့နှင့် သက်မဲ့ဖြစ်သော မော်တော်ကားတို့၏ ခြားနားချက်ပင် ဖြစ်ပေတော့သည်။   ။