နေပြည်တော် ၁၄ အောက်တိုဘာ
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Stay at home အစီအစဉ်တွင် အကျုံးဝင်သော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အာမခံအလုပ်သမားများအား လူမှုဖူလုံရေး ထောက်ပံ့ငွေ ၄၀ % ကို ဘုတ်အဖွဲ့ဖြင့် စိစစ်ခွင့်ပြုလျက်ရှိရာ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာန (၃၁၃) ဌာနမှ အာမခံ အလုပ်သမား ၃၃,၈၀၂ ဦးအတွက် ထောက်ပံ့ငွေ ကျပ် (၂,၃၆၂ ဒသမ ၇၃၃) သန်းအား သက်ဆိုင်ရာ လုပ်ငန်းရှင်များသို့ အောက်တိုဘာ ၅ ရက်မှစ၍ ခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်သည်။
ဆက်လက်၍ စိစစ်ရေးဘုတ်အဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၀၊ ၅/၂၀၂၀၊ ၆/၂၀၂၀၊ ၇/၂၀၂၀ နှင့် ၈/၂၀၂၀) တို့အရ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာန (၅၆၈) ဌာနမှ အာမခံ အလုပ်သမား ၄၇,၉၃၀ အတွက် ထောက်ပံ့ငွေကျပ် (၃,၆၃၉ ဒသမ ၀၂၇) သန်းအား သက်ဆိုင်ရာ လုပ်ငန်းရှင်များသို့ အောက်တိုဘာ ၈ ရက်တွင် ခွင့်ပြုထုတ်ပေးခဲ့ပြီး ကျန်တောင်းခံလွှာများကိုလည်း ဆက်လက်စိစစ်၍ ထုတ်ပေးသွားမည် ဖြစ်ပါသည်။ ထုတ်ပေးမည့် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများ၏ စာရင်းအသေးစိတ်ကို သက်ဆိုင်ရာ စက်ရုံများသို့ အကြောင်းကြားခဲ့ပြီးဖြစ်သည့်အပြင် ဝန်ကြီးဌာန Website တွင် လွှင့်တင်ထားပြီး၊ UMFCCI နှင့် အလုပ်သမားသမဂ္ဂများထံသို့လည်း အချိန်နှင့်တစ်ပြေးညီ ပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။
ယနေ့အထိ Stay at home အစီအစဉ်တွင် အကျုံးဝင်သော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာန စုစုပေါင်း (၈၈၁) ဌာနမှ အာမခံ အလုပ်သမား ၈၁,၇၃၂ ဦးအတွက် ထောက်ပံ့ငွေ ကျပ် (၆,၀၀၁ ဒသမ ၇၆၀) သန်းကို ခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


