Stem cell အသုံးပြုပြီး ကုသခြင်းဟာ ထူးထူးခြားခြားကြီးကို အကျိုးရှိကောင်းမွန်တယ်လို့ သင်ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ ဒါပေမယ့် Stem cell နဲ့ ပတ်သက်လို့ သင်သိထားသမျှတွေက မှန်ကန်ရဲ့လား။ Stem cell အသုံးပြု ကုသခြင်းနဲ့ ပတ်သက်လို့ သိထားသင့်သမျှကို မျှဝေပေးလိုက်ရပါတယ်။

Stem cell အသုံးပြုပြီး ကုသခြင်းဟာ ခေတ်သစ်ဆေးသိပ္ပံပညာရဲ့ အရေးပါသော နယ်ပယ်ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။ မျက်မှောက်ကာလမှာ ဒီနည်းလမ်းကို အသုံးပြုပြီး ပြင်းထန်ဆိုးရွားတဲ့ ရောဂါတွေကို ကုသပေးနေနိုင်ပါပြီ။ ဒါပေမယ့် Stem cell အသုံးပြု ကုသခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ပြဿနာ လေးတွေ၊အတည်မပြုရသေးတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး လူနာတွေ အကြားမှာရော၊ ပြည်သူတွေအကြားမှာပါ။ သို့လောသို့လော ဖြစ်စရာလေးတွေ ရှိနေပါသေးတယ်။ဒါကြောင့် Stem cell အသုံးပြုပြီး ကုသမှု မခံယူခင်မှာ ကြိုတင်သိရှိထားသင့်တဲ့ အချက်အလက်လေးတွေ၊ လက်ရှိ ကုသပေးနေတဲ့ ရောဂါတွေ၊ အနာဂါတ်မှာ ကုသပေးနိုင်ဖွယ်ရာရှိတဲ့ ရောဂါတွေ၊ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်အန္တရာယ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Stem cell ဆိုတာ ဘာတွေလဲ

ဆဲလ်တွေဟာ လူ့ခန္ဓာကိုယ်ရဲ့ အခြေခံ အုတ်မြစ် ဖြစ်ပြီး အဆိုပါ ဆဲလ်တွေရဲ့ ပင်မရင်းမြစ်ကတော့ Stem cell တွေပဲ ဖြစ်ကြပါတယ်။ Stem cell တွေဟာ မတူကွဲပြားတဲ့ ဆဲလ်အမျိုးမျိုးအဖြစ် ကြီးထွားလာနိုင်စွမ်း ရှိပါတယ် (ဥပမာ အာရုံကြောဆဲလ်များ၊ အရိုးဆဲလ်များ၊ သွေးဆဲလ်များ စသည်)။ ကျွန်တော်တို့ ခန္ဓာကိုယ်နေရာ အမျိုးမျိုးကနေ ဖြစ်ပေါ်လာတဲ့ ဒါမှမဟုတ် ကျွန်တော်တို့ ဘဝသက်တမ်းတစ်လျှောက် မတူညီတဲ့ အချိန်အပိုင်းအခြားတွေမှာ ဖြစ်ပေါ်လာတဲ့ Stem cell အမျိုးအစားပေါင်းများစွာ ရှိပါတယ်။ ယေဘုယျအားဖြင့် Stem cell ကို နှစ်မျိုးခွဲ ပါတယ်။ သန္ဓေသား Stem cell နဲ့ အရွယ်ရောက်ပြီးသူတွေမှာ ရှိတဲ့ Stem cell ဆိုပြီးတော့ နှစ်မျိုးပါ။

•    သန္ဓေသား stem cell : ဒီဆဲလ်တွေဟာ သန္ဓေသားလောင်းကနေ တစ်ဆင့် ဖြစ်ပေါ်ပါတယ်။ သန္ဓေသားလောင်းအများစုဟာ မမျိုးဥကနေ ပေါ်ထွက်လာခြင်း ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေဟာ အဆိုပါ မ,မျိုးဥတွေကို ဓာတ်ခွဲခန်းထဲမှာ မျိုးအောင်စေပါတယ် (သုတေသနအတွက် လိုအပ်တဲ့ မ,မျိုးဥတွေကိုတော့ အလှူရှင်အမျိုးသမီးတွေက လှုဒါန်းခြင်း ဖြစ်ပါတယ်)။ သန္ဓေသား stem cell တွေဟာ လူ့ခန္ဓာကိုယ်မှာရှိတဲ့ ဘယ်ဆဲလ်မဆို ဖြစ်လာနိုင်ပါတယ်။ဒီလို ဆဲလ်အမျိုးမျိုးအဖြစ် ပြောင်းသွားနိုင်ခြင်းကို ဆေးပညာအခေါ်အဝေါ်အရတော့ pluripotent လို့ သုံးပါတယ်။

•    
•    အရွယ်ရောက်ပြီးသူတွေမှာ ရှိတဲ့ stem cell : အရွယ်ရောက်ပြီးသူတွေရဲ့ တစ်ရှူးအများစု (ဥပမာ ရိုးတွင်း ချဉ်ဆီ၊ အဆီ)မှာ အဆိုပါ ဆဲလ်တွေဟာ အရေအတွက် အနည်းအကျဉ်း ရှိနေတတ်ပါတယ်။ ဒီ stem cell တွေကတော့ ဆဲလ်အမျိုးမျိုးအဖြစ် ပြောင်းလဲနိုင်စွမ်း သိပ်မရှိပါဘူး။

သန္ဓေသား stem cell တွေဟာ (စတင်ကြီးထွားဖွံ့ဖြိုးတဲ့ အဆင့်တွေမှာသာ) အချိန်ကာလ ခဏတာ တည်ရှိပါတယ်။ အရွယ်ရောက်ပြီးသူတွေမှာ ရှိတဲ့ stem cell တွေကတော့ သန္ဓေသား ကြီးထွားဖွံ့ဖြိုးချိန်မှာ စတင်ပေါ်ပေါက်လာပြီး ဘဝတသက်တာလုံး ဆက်လက်တည်ရှိနေပါတယ်။

Stem cell အသုံးပြု ကုသခြင်းဆိုတာ ဘာလဲ

Stem cell တွေရဲ့ အဓိက စွမ်းဆောင်နိုင်ရည်နှစ်ခုက ဘာလဲဆိုတော့ ကြိုတင်သတ်မှတ်ထားတဲ့ ဆဲလ်ပုံစံအဖြစ် ကြီးထွားဖွံ့ဖြိုးလာနိုင်စွမ်းနဲ့ ပုံစံတူဆဲလ်ကို မိတ္တူပွါးနိုင်စွမ်းတို့ပဲ ဖြစ်ကြပါတယ်။ဒီစွမ်းဆောင်ရည်တွေကို အသုံးပြုပြီး ပျက်စီးနေတဲ့ တစ်ရှူးတွေကို ပြုပြင်ဖို့ ဒါမှမဟုတ် အစားထိုးဖို့အတွက် Stem cell တွေကို အသုံးပြုနိုင်ပါတယ်။ ယေဘုယျအားဖြင့်တော့ ဒီလိုကုသရာမှာ သန္ဓေသား Stem cell တွေကို အများဆုံး အသုံးပြုလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီ Stem cell အမျိုးအစားဟာ ရှာဖွေရလွယ်ကူပြီး ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ဘယ်ဆဲလ်ပုံစံကို မဆို ပြောင်းလဲပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူတွေမှာ ရှိတဲ့ Stem cell ဟာ ရောဂါကုသရာမှာ ပိုအသုံးဝင်ကြောင်း သုတေသနတွေအရ သိရှိရပေမယ့် ကြီးထွားဖွံ့ဖြိုးနိုင်စွမ်းမှာတော့ သန္ဓေသား Stem cell တွေကို မမှီတဲ့အတွက် လက်တွေ့အသုံးချရာမှာ ကန့်သတ်မှုတွေ ရှိနေပါတယ်။ အရွယ်ရောက်ပြီးသူတွေမှာ ရှိတဲ့ Stem cell တွေဟာ အလိုရှိရာ ဆဲလ်အမျိုးအစား အသွင်ကို ပြောင်းလဲကြီးထွားနိုင်စွမ်း မရှိပါဘူး။ တစ်နည်းပြောရရင် ဒီ Stem cell အမျိုးအစားကို အသုံးပြုတဲ့အခါ အချို့သော ရောဂါတွေကိုသာ ကုသနိုင်ပါလိမ့်မယ်။ ဒါကြောင့် သိပ္ပံပညာရှင်တွေဟာ သန္ဓေသား Stem cell တွေကို ဓာတ်ခွဲခန်းထဲမှာ ကြီးထွားဖွံ့ဖြိုးလာအောင် ဖန်တီးလုပ်ဆောင်ပါတယ်။ ဒီလို လုပ်ဆောင်ခြင်းအားဖြင့် သန္ဓေသား Stem cell တွေဟာ အလိုရှိရာ ဆဲလ်ပုံစံ (ဥပမာ နှလုံးကြွက်သားဆဲလ်၊ သွေးဆဲလ် စသဖြင့်)အဖြစ် ကြီးထွားဖွံ့ဖြိုးလာပါလိမ့်မယ်။ ဖြစ်ပေါ်လာတဲ့ ဆဲလ်တွေကို လူနာရဲ့ ခန္ဓာကိုယ်ထဲ ထည့်သွင်းပေးခြင်း (ထိုးသွင်းပေးခြင်း)အားဖြင့် ပျက်စီးနေတဲ့ တစ်ရှူးတွေ၊ အင်္ဂါတွေကို ပြုပြင်နိုင်ပါလိမ့်မယ်။

ဥပမာ လူတယောက်ရဲ့ နှလုံးကောင်းစွာ အလုပ်မလုပ်တော့ဘူးဆိုရင် ဒီဆဲလ်တွေကို နှလုံးကြွက်သားတွေထဲ ထိုးထည့်လိုက်ပါတယ်။ ဒါဆိုရင် ထိုးသွင်းခြင်းခံလိုက်ရတဲ့ ဆဲလ်တွေဟာ ပျက်စီးနေတဲ့ နှလုံးကြွက်သားတွေကို ပြန်လည်ပြုပြင်ပေးပါလိမ့်မယ်။

အနာဂါတ်မှာ Stem cell ကို အသုံးပြုပြီး ဘယ်ရောဂါတွေကို ကုသပေးနိုင်မလဲ


သီအိုရီအားဖြင့်တော့ Stem cell တွေဟာ ရောဂါအားလုံးကို ကုသပေးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ အသက်အရွယ် အိုမင်းခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အမြင်အာရုံ ယိုယွင်းခြင်းဟာ ကုသနိုင်ချေ အမြင့်မားဆုံး ရောဂါတွေထဲက တခုဖြစ်ပါတယ်။” မျက်လုံးတွေဟာ ဗဟိုအာရုံကြော အဖွဲ့အစည်းရဲ့ လက်လှမ်းအမှီနိုင်ဆုံး နေရာဖြစ်ပြီး ဒီနေရာကနေတစ်ဆင့် အားလုံးကို သိမြင်နိုင်ခြင်းဟာ အကြောင်းပြချက်ကောင်းတခု ဖြစ်တယ်” လို့ ရန်ဆဲလား၊ နယူးယော့ခ်မှာရှိတဲ့ Stem cell အင်စတီကျူရဲ့ ပူးတွဲထူထောင်သူ ဆယ်လီတန်ပယ်က ဆိုပါတယ်။ Stem cell အသုံးပြု ကုသခြင်းနဲ့ ပတ်သက်ပြီး သုတေသီတွေ၊ သိပ္ပံပညာတွေဟာ နှစ်ပေါင်းများစွာ လေ့လာသုတေသန လုပ်ခဲ့ရပါတယ်။ (၂၀၁၆ ခုနှစ်၊ဇန်နဝါရီလ အထိ) FDA က ခွင့်ပြုထားတဲ့ Stem cell အသုံးပြု ကုသမှု ဆယ်မျိုးထဲမှာ လက်ရှိအချိန်ထိ ထိပ်ဆုံးက ပြေးနေတာ၊ အများဆုံး အသုံးနေကြတာကတော့ ချက်ကြိုးသွေးထဲမှာ ပါရှိတဲ့ Stem cell တွေကို အသုံးပြုကုသခြင်းပဲ ဖြစ်ပါတယ်။ အချို့သော ကင်ဆာတွေနဲ့ သွေးဆိုင်ရာ ရောဂါတွေအပါအဝင် ရောဂါပေါင်း ရှစ်ဆယ်နီးနီးမှာ ဒီကုသမှုကို အသုံးပြုနေပါပြီ။

Stem cell အသုံးပြု ကုသခြင်းဟာ အလွန်ကောင်းမွန်တဲ့ အလားအလာတွေကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် …..

Stem cell အသုံးပြု ကုသခြင်းဟာ အလွန်အသုံးဝင်ပြီး ခေတ်စားလာမယ့် ဆေးပညာနယ်ပယ် တစ်ခုဖြစ်တာကြောင့် ကမ္ဘာအရပ်ရပ်မှာ အားကြိုးမာန်တက် လေ့လာသုတေသန ပြုနေကြပါတယ်။ နှလုံးကောင်းစွာ အလုပ်မလုပ်တော့ခြင်း၊ဦးနှောက်ကင်ဆာ ဖြစ်ပွါးခြင်းနဲ့ အာရုံကြောဆိုင်ရာ ရောဂါတွေအပါအဝင် ပြဿနာအတော်များများကို Stem cell အသုံးပြု ကုသခြင်းက ဖြေရှင်းပေးနိုင်မယ်လို့ သုတေသီတွေက ယုံကြည်ထားကြပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ လက်တွေ့ကုသအောင်မြင်မှု အနည်းငယ်ပဲ ရှိပါသေးတယ်။ ခန္ဓာကိုယ်ထဲ ထိုးသွင်းလိုက်တဲ့ Stem cell တွေဟာ သွေးထဲမှာ ခြေဆန့်သွားလာပြီး ပျက်စီးနေတဲ့ တစ်ရှူးတွေ၊ အင်္ဂါအစိတ်အပိုင်းတွေကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရှာတွေ့ကာ အဆိုပါ တစ်ရှူးတွေကို အောင်မြင်စွာ ပြုပြင်ပေးနိုင်ခြင်း ရှိမရှိဆိုတဲ့ အချက်ကို ဘယ်သူမှ သေသေချာချာ မသိသေးပါဘူး။ ခေတ်သစ်ဆေးသိပ္ပံပညာရဲ့ ထွန်းကားတိုးတက်မှုကြောင့် Stem cell အသုံးပြုကုသခြင်းရဲ့ အလားအလာကောင်းတွေ အများအပြားကို တွေ့နေရပြီဆိုပေမယ့် စိန်ခေါ်မှုပြဿနာတွေလည်း များစွာရှိနေပါသေးတယ်။ Stem cell အမျိုးအစား၊ ဆဲလ်ကွဲပွါးပြောင်းလဲသွားနိုင်မှု အခြေအနေ၊ ရောက်ရှိစေချင်တဲ့ အစိတ်အပိုင်းနေရာ၊ ဘယ်လိုထိုးသွင်းမလဲ အစရှိတဲ့ အချက်တွေဟာ စိန်ခေါ်မှုတွေပါ။

လက်တွေ့ ကြုံတွေ့နေရတဲ့ ပြဿနာတွေ၊ (တိရစ္ဆာန်တွေမှာ စမ်းသပ်ထားတဲ့) သီအိုရီပိုင်းဆိုင်ရာ ပြဿနာတွေကတော့ ကင်ဆာကြိတ်ဖြစ်ပေါ်ခြင်း၊ ခုခံအားစနစ်ကနေ မလိုလားအပ်တဲ့ တုံ့ပြန်မှုတွေ ပေါ်ပေါက်လာခြင်း၊ ရောဂါပိုးမွှားများ ကူးစက်နိုင်ခြင်း စတာတွေပဲ ဖြစ်ကြပါတယ်။ ထိုးသွင်းလိုက်တဲ့ Stem cell တွေဟာ ကင်ဆာဆဲလ်တွေအဖြစ် ပြောင်းလဲသွားနိုင်ခြင်း အပါအဝင် အခြားသော ပြဿနာတွေ အများအပြား ဖြစ်ပေါ်လာနိုင်ချေ ရှိနေတာကြောင့် Stem cell အသုံးပြုကုသခြင်းကို သူတို့ကိုယ်တိုင် မခံယူရဲသေးဘူးလို့ Stem cell နဲ့ ကင်ဆာရောဂါတွေကို လေ့လာနေတဲ့ သိပ္ပံပညာရှင်တွေက ဝန်ခံပြောကြားပါတယ်။

အများပြည်သူအနေနဲ့ Stem cell အသုံးပြုပြီး ကုသမှု ခံယူတဲ့အခါ သတိထားသင့်ပါတယ်

အတည်မပြုရသေးတဲ့ Stem cell ကုသမှုတွေကို ပြုလုပ်ပေးနေတဲ့ ဆေးရုံ၊ဆေးခန်းတွေနဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်တွေက လူနာတွေကို သတိပေးထားပါတယ်။” သုတေသန စမ်းသပ်မှုထဲမှာ ပါရမယ်လို့ ပြောပြီး ခင်ဗျားဆီက ပိုက်ဆံတောင်းရင် သတိသာ ထားပေတော့ဗျို့” လို့ အမေရိကန်ကင်ဆာအကယ်ဒမီကျောင်းက အုပ်ချုပ်သူ ဒေးဗစ်ပက်က ဆိုပါတယ်။ဒီလို ကုသမှုမျိုးတွေ ငွေရေးကြေးရေးဆိုင်ရာ ပြဿနာတွေ ရှိလာနိုင်သလို လုံခြုံစိတ်ချရမှုလည်း မရှိပါဘူး။တောင်ဖလော်ရီဒါ၊အမေရိကမှာ ရှိတဲ့ တရားမဝင် ဆေးခန်းတွေကနေ ကုသပေးလိုက်တဲ့အတွက် မျက်စိကွယ်သွားတဲ့ လူနာသုံးယောက်ရှိတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

Stem cell တွေကို ဦးနှောက်၊ မျက်စိနဲ့ အာရုံကြောအဖွဲ့အစည်းထဲကို ထိုးသွင်းပေးခြင်း ကဲ့သို့သော အန္တရာယ်များလှတဲ့ ကုသမှုတွေကို လုပ်ဆောင်ပေးနေတဲ့ ဆေးရုံဆေးခန်းတွေကို အရေးယူကြပ်မတ်နိုင်ဖို့အတွက် အရှိန်အဟုန်နဲ့ လုပ်ဆောင်နေတယ်လို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ – FDA က ဆိုပါတယ်။ Stem cell တွေကိုး လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲ ထိုးသွင်းပြီး ပျက်စီးနေတဲ့ တစ်ရှူးတွေကို ပြုပြင်ကုသစေတာဟာ လက်ရှိအခြေအနေမှာတော့ အင်မတန် အန္တရာယ်များနေပါသေးတယ်။ ကျွမ်းကျင်သူ သုတေသီပညာရှင်တွေအနေနဲ့ Stem cell တွေရဲ့ လုပ်ဆောင်ပုံတွေ၊ သဘောသဘာဝတွေကို အခုထက် ပိုမိုသိရှိလာမယ့် အချိန်ထိ ကျွန်တော်တို့ စောင့်ဆိုင်းသင့်ပါတယ်။ ဒီလို Stem cell အသုံးပြု ကုသမှု တစုံတရာ မခံယူခင်မှာ Stem cell ကျွမ်းကျင်သူ ပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး အကြံဉာဏ်ကောင်းတွေ ရယူသင့်တယ်လို့ FDA က အကြံပြုထားပါတယ်။

နိဂုံးချုပ်ပြောရမယ်ဆိုရင်တော့ Stem cell အသုံးပြုကုသခြင်းဟာ လူနာတွေအတွက်ရော၊ ဆေးလောကအတွက်ပါ အမှန်တကယ် အရေးပါအကျိုးရှိမယ့် နည်းလမ်းတစ်ခု ဖြစ်လာမယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် ဒီကုသမှုဟာ လူ့ခန္ဓာကိုယ်ရဲ့ အခြေခံအကျဆုံး ယူနစ်တွေအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိစေတာမို့ အမှန်တကယ် တွင်တွင်ကျယ်ကျယ် အသုံးမပြုခင်မှာ သိပ္ပံပညာရှင်တွေအနေနဲ့ အချိန်ပေးပြီး ဆက်လက်လေ့လာစရာတွေ အများကြီး ရှိနေသေးတဲ့အကြောင်း မျှဝေပေးလိုက်ရပါတယ်။

ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”