နေပြည်တော် ၁၇ စက်တင်ဘာ
ဩဂုတ်လနှင့် စက်တင်ဘာ လဆန်းက သထုံ - ဘားအံ - ကော့ကရိတ် - မြဝတီလမ်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိန္ဒု နှင့် ကျားကလေး ကြားတွင် လမ်းပုခုံးများ နိမ့်ကျလာပြီး ယာဉ်ကြီးများ ရှောင်တိမ်းသွားလာနိုင်ရန် ခက်ခဲသွားသဖြင့်အတက်လမ်း / အဆင်းလမ်းများ အရေးပေါ်သတ်မှတ်ကာ ဆောင်ရွက်ခဲ့ရသည်။
ယခုအခါ အဆိုပါ လမ်းပိုင်းအား CRBC လမ်းဆောက်လုပ်ရေးကုမ္ပဏီမှ လမ်းပုခုံးများကို ပြင်ဆင်ဆောင်ရွက် ပြီးစီးပြီဖြစ်ပါသဖြင့် ယနေ့မှ စတင်၍ (ယာဉ်+ကုန်= ၂၁)တန် အောက်ယာဉ်များ (ယာဉ်ငယ်များအပါအဝင်) သည် (သံလွင်တံတား - ကော့ကျိုက် - ဇာသပြင် - ကျားကလေး - ဂျိုင်း - ကော့ကရိတ် - မြဝတီ)လမ်းအပိုင်းအား အတက်/ အဆင်းနှစ်မျိုးလုံး အသုံးပြုသွားလာနိုင်ပြီ ဖြစ်ပါသည်။
အလားတူ (ယာဉ်+ကုန် = ၄၈)တန် ယာဉ်များသည် (သံလွင်တံတား - ကော့ကျိုက် - နောင်လုံတောင်ကြား - အိန္ဒု - ဂျိုင်း - ကော့ကရိတ် - မြဝတီ)လမ်းအပိုင်းကို အတက်/ အဆင်းနှစ်မျိုးလုံး အသုံးပြုသွားလာနိုင်ပြီ ဖြစ်ပါကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန (လမ်းဦးစီးဌာန၊ ကရင်ပြည်နယ်) မှ သိရသည်။
MDN


