သထုံ ၂၃ မေ
မွန်ပြည်နယ်၊ သထုံခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန် အထောက်အကူပြုပစ္စည်းများကို မေလ ၂၃ ရက်၊ နံနက်က ရန်ကုန်မြို့အခြေစိုက် See Ranger Organisation ကိုဗစ်-၁၉ တိုက်ဖျက်ရေးအထောက်အကူပြုအဖွဲ့မှ လာရောက် လှူဒါန်းပေးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးလုပ်ငန်း၌ ရှေ့တန်းမှတာဝန်ယူဆောင်ရွက်နေသည့် ကျန်းမာရေး ဝန်ထမ်းများအတွက် လိုအပ်သည့်အထောက်အကူပစ္စည်းများ ရရှိစေရန်အတွက် လိုက်လံလှူဒါန်းပေးခြင်းဖြစ်ကြောင်း See Ranger Organisation မှ Organizer ဦးစိန်တန်အောင်က ပြောသည်။
သထုံခရိုင်ပြည်သူ့ဆေးရုံ၌ အသုံးပြုနိုင်ရန် တစ်ကိုယ်ရေ ကာကွယ်ရေး PPE ဝတ်စုံများ၊ N95 နှာခေါင်းစည်းများ၊ လက်အိတ်များ၊ မျက်နှာကာ အပါအဝင် ငွေကျပ် ၁၇ သိန်းတန်ဖိုးရှိ ပစ္စည်းအမျိုးအစားပေါင်း ၇ မျိုးအား See Ranger Organisation မှ လှူဒါန်းရာ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၊ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသင်းသင်းအိနှင့် တာဝန်ရှိသူတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေး လုပ်ငန်းများတွင် အထောက်အပံ့ဖြစ်စေရန်အတွက် See Ranger Organisation အနေဖြင့် နိုင်ငံတစ်ဝှမ်းရှိ နေရာပေါင်း ၆၀ ကျော်သို့ သွားရောက်လှူဒါန်းမှုများပြုလုပ်ခဲ့ပြီး မွန်ပြည်နယ်အတွင်း၌ မော်လမြိုင်၊ သံဖြူဇရပ်၊ ရေးနှင့် သထုံ ပြည်သူ့ဆေးရုံတို့သို့ လိုက်လံလှူဒါန်းပြီးဖြစ်ကြောင်း ဦးစိန်တန်အောင်၏ ပြောကြားချက်အရ သိရသည်။
သက်ဦး(သထုံ)