ပေါင် ၂၂ စက်တင်ဘာ

            သထုံအနှိုင်းမဲ့မေတ္တာ သွေးနှင့်အောက်ဆီဂျင် အခမဲ့ကူညီမှုအသင်းမှ ဦးဆောင်၍ သထုံခရိုင်တွင်းရှိ သွေးအလှူရှင်များစုပေါင်းကာ ရန်ကုန်တိုင်းဒေသကြီးရှိ အစိုးရပြည်သူ့ဆေးရုံ ၁၄ ခုအား သွေးထောက်ပံ့လျက်ရှိသော အမျိုးသားသွေးဌာန (National Blood Centre)သို့ သွေးပုလင်းပေါင်း (၅၄၁)ပုလင်းခန့်ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

hjkha

          

  စက်တင်ဘာ ၂၁ ရက်က သထုံမြို့ သုဝဏ္ဍခန်းမမှာ ကျင်းပပြုလုပ်ခဲ့သော သထုံခရိုင်အတွင်းရှိ လူမှုရေးအဖွဲ့များ၊ သွေးအလှူရှင်အဖွဲ့များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ဘာသာပေါင်းစုံအဖွဲ့များ စုပေါင်းသွေးလှူဒါန်းပွဲမှ သိရသည်။

            သထုံခရိုင်အတွင်းရှိ သွေးအလှူရှင်များ၏ စုပေါင်းသွေးလှူဒါန်းမှုမှာ သထုံခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ကုသမှုခံယူနေသောလူနာများအတွက် လုံလောက်မှုရှိနေသဖြင့် အမျိုးသားသွေးလှူဘဏ်တွင် လစဉ် လိုအပ်လျက်ရှိနေသည့်သွေးများကို အထောက်အပံ့ဖြစ်စေရေး၊ သွေးအလှူရှင်များ ဒါနမြောက်စေရန်နှင့် သွေးအလှူရှင်များ ပိုမိုလှူဒါန်းနိုင်စေရန်အတွက် ရည်ရွယ်၍ စုပေါင်းသွေးလှူဒါန်းပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း သထုံအနှိုင်းမဲ့မေတ္တာ သွေးနှင့်အောက်ဆီဂျင် အခမဲ့ကူညီမှုအသင်း အတွင်းရေးမှူး ကိုမိုးကျော်ကပြောသည်။

ဒီအသင်းစခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းကဆို ဆေးရုံမှာ လိုအပ်နေတဲ့သွေးရဖို့ တော်တော်ခက်ခဲတယ်။ ခုနောက်ပိုင်းဆို အဆင်ပြေလာတယ်၊ ဒီအတွက်ကြောင့် သွေးလှူဒါန်းချင်နေတဲ့ အလှူရှင်တွေလည်း ဒါနမြောက်အောင် သွေးလိုအပ်နေတဲ့ အမျိုးသားသွေးလှူဘဏ်အတွက်လဲ အဆင်ပြေအောင် ခုလိုလုပ်ပေးရတာပါ။ ဒီနေ့မှာ လာရောက်လှူဒါန်းထားတဲ့ သွေးအားလုံးကိုတော့ အမျိုးသားသွေးလှူဘဏ်ကို လှူဒါန်းပေးသွားမှာပါဟု ၎င်းကပြောသည်။

ဆေးရုံများတွင် ကုသမှုခံယူနေသည့် လူနာများ၏ သွေးလိုအပ်မှုမှာလည်း လစဉ်မြင့်တက်နေသည့်အတွက် ယခုကဲ့သို့ သွေးလှူဒါန်းပေးခြင်းဖြင့် သွေးလိုအပ်နေသော လူနာများအတွက် အဆင်ပြေသွားမည့်အပြင် ကျန်းမာရေးကုန်ကျစရိတ်များလည်း လျော့ချပေးနိုင်မည်ဖြစ်သည့်အတွက် စေတနာရှင် သွေးအလှူရှင်များမှ ပိုမိုလှူဒါန်းပေးစေလိုကြောင်း သထုံမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဇော်လင်းထွဋ်က အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သည်။

            သထုံအနှိုင်းမဲ့မေတ္တာ သွေးနှင့်အောက်ဆီဂျင် အခမဲ့ကူညီမှုအသင်းအနေဖြင့် သထုံခရိုင်ပြည်သူ့ ဆေးရုံကြီးရှိ သွေးလိုအပ်သည့်လူနာများအတွက် အဓိကာထားကာ ဆောင်ရွက်နေသော်လည်း နီးစပ်ရာ မြို့နယ်ဆေးရုံများမှ လူနာများအတွက် သွေးလိုအပ်မှုရှိလာပါက အသင်းနှင့် ချိတ်ဆက်ကာ လိုအပ်သော သွေးများအတွက် သွေးအလှူရှင်များ ရရှိနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ သထုံမြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားသွေးလှူဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ နွယ်နွယ်ဦး၊ သထုံအနှိုင်းမဲ့မေတ္တာ သွေးနှင့်အောက်ဆီဂျင် အခမဲ့ကူညီမှုအသင်းနာယကနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ စေတနာရှင် သွေးအလှူရှင်များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များတို့က တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သထုံခရိုင်ပြန်/ဆက်)