သထုံ ဇူလိုင် ၁၄
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အမှတ်(၇၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(သထုံ)နှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ ကျောင်းသား ကျောင်းသူများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက် ၁၀ နာရီက သိမ်ကုန်းရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမှတ်(၇၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(သထုံ)မှ ဒုရဲအုပ်ဖြိုးသူခိုင်က ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဆိုင်ရာ ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် ကျောင်းသူ ကျောင်းသားများသိသင့်သည့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို သိရှိပြီး လိုက်နာကြစေရေး၊ ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းစေရေး ဆောင်ရန်/ရှောင်ရန်အချက်များတို့ကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ရာ ကျောင်းသား ကျောင်းသူများက သိလိုသည်တို့ကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
ဟောပြောပွဲတွင် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်အုပ်ဆရာမကြီး ဒေါ်သီတာကြည်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဝေငှပေးခဲ့ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)