သထုံ ၁၀ နိုဝင်ဘာ
မွန်ပြည်နယ်၊ သထုံမြို့ရှိ သုဝဏ္ဏစျေးနှင့် မြို့မစျေးတို့ကို ယာယီပိတ်ထားပြီး နိုဝင်ဘာ ၉ ရက်နေ့မှစတင်ကာ လိပ်အင်းရပ်ကွက်ရှိ လေယာဉ်ကွင်းဟောင်းအတွင်း၌ ယာယီပျံကျဈေးဖွင့်လှစ်၍ သား၊ ငါးနှင့် ဟင်းသီးဟင်းရွက်စသည့် အခြေခံစားသောက်ကုန်များကို ရောင်းချခွင့်ပေးထားကြောင်း သိရသည်။
သထုံ မြို့မစျေးအတွင်း စျေးရောင်းချနေသူများအနက် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာအချို့ တွေ့ရှိခဲ့ရသောကြောင့် ရောဂါဆက်လက်ပြန့်ပွားမှု မရှိစေရန် ဆောင်ရွက်ခြင်းဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ Social Distancing အရ စနစ်တကျ နေရာသတ်မှတ်ကာ ရောင်းချစေခြင်း ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ဒေါ်ခင်လေးကြိုင်က ပြောသည်။
အဆိုပါယာယီပျံကျဈေးတွင် ဆိုင်ခန်းတစ်ခန်းလျှင် အလျား ၁၀ ပေ အနံ ၆ ပေရှိသည့် ဆိုင်ခန်းပေါင်း ၃၈၀ ခန့်ကို Social Distancing အရ ၆ ပေစီနှင့် လူသွားလမ်းများကို ၁၀ ပေစီခြား၍ နေရာသတ်မှတ်ပေးထားပြီး ပျံကျဈေး ဖွင့်လှစ်မည့်ကာလမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်သည့်အပေါ် မူတည်၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
သက်ဦး(သထုံ)


